အာမာ မုန်တိုင်း ဒဏ် လူ သန်းချီ ခံရ
ဟာရီကိန်းမုန်တိုင်း အာမာ ရဲ့ဒဏ်ကို လူပေါင်း ၁.၂ သန်း ရင်ဆိုင်ခဲ့ရပြီး နောက်ထပ် သန်းနဲ့ချီပြီး ရင်ဆိုင်ရဦးမယ်လို့နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကြီးက ပြောပါတယ်။
ဒတ်ချ်အစိုးရက ဆန်မာတန်းကျွန်းမှာ ဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်မှုတွေရဖို့ စစ်တပ်နဲ့ ရဲတွေကို စေလွှတ်နေပါတယ်။ အဲဒီမှာ လူနေအိမ်ခြေတွေရဲ့ ၃ ပုံ၁၂ ပုံဟာ နေထိုင်လို့ မရတော့တဲ့ အခြေအနေဖြစ်သွားပြီး လျှပ်စစ်မီး၊ သောက်သုံးရေနဲ့ ဓာတ်ဆီ တွေလည်း မရနိုင်ဖြစ်နေ ပါတယ်။ အဲဒါကြောင့် ရေတပ်သင်္ဘောတွေနဲ့ လေယာဉ်တွေ ရဟတ်ယာဉ်တွေကိုပါ စေလွှတ်လိုက်ပါတယ်။ ယူကေကလည်း ဗြိတိသျှ ဗာဂျင်ကျွန်းစုတွေနဲ့ တခြား ဗြိတိသျှ ပိုင်နယ်မြေတွေဆီကို အကူအညီပေး သင်္ဘောစေလွှတ်လိုက်ပါတယ်။
အာမာဟာ ဘဟားမား ကျွန်းစုတွေကို ဝင်ရောက်တိုက်ခတ်သွားခဲ့ပြီး အခုတော့ ကျူးဘားကို ချဉ်းကပ်လာနေပါပြီး လတ်တလောလေတိုက်နှုန်းက ကီလိုမီတာ ၂၇၀ ရှိပါတယ်။ အမေရိကန်ရဲ့ဖလော်ရီဒါကိုလည်း လေတိုက်နှုန်း ၁၈၅ ကီလိုမီတာလောက် အားနဲ့ ဝင်ရောက် တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။ အာမာရဲ့နောက်မှာ နောက်ထပ် ဟာရီကိန်း တွေဖြစ်တဲ့ ဟိုဆေးနဲ့ကက်ယာ တို့လည်းကပ်ပါလာနေပါတယ်။