နော်တရာဒမ် ဘုရားကျောင်းက ရတနာတွေ
ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ၁၂ ရာစု လက်ရာ ဘုရားကျောင်းကြီး ဧပြီ ၁၅ ရက် မီးလောင်မှုကြောင့် စုလစ်မွန်းချွန် အမိုးကြီး ပျက်စီးသွားခဲ့ပါတယ်။ အထဲမှာ ကျန်နေသေးတဲ့ ရှေးဟောင်း အမွေအနှစ် လက်ရာတွေကိုလည်း မီးဒဏ်က လွတ်အောင် ကြိုးစားနေပါတယ်။
အဲဒီ သက်တမ်း နှစ် ၈၅၀ ရှိတဲ့ ဒီရှေးဟောင်း ဘုရားကျောင်းကြီးက နိုင်ငံတကာ ခရီးသွားတွေကြားမှာ ဘာကြောင့် ကျော်ကြားနေတာလဲ။ ဘာကြောင့် လူတွေက တန်ဖိုးထားကြသလဲ။ အထဲက အမွေအနှစ်ပစ္စည်းတွေနဲ့ ရှေးဟောင်း အနုပညာလက်ရာတွေက ဘာတွေပါလဲ။
ရောင်စုံ မှန်ကူကွက် ပြတင်းပေါက်ကြီးတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၃ ရာစုလက်ရာ မှန်ကူကွက် ပြတင်းပေါက်ကြီးသုံးခုက ဘုရားကျောင်းကြီးရဲ့ ရှေးဟောင်း အနုပညာ လက်ရာတွေထဲက ထင်ရှားတဲ့ အမှတ်အသား တစ်ခု ဖြစ်ပါတယ်။
အဲဒီ သုံးခုအနက် တောင်ဘက်က ပြတင်းပေါက်ကြီးဟာ အရှည် ၄၃ ပေလောက်ရှိပြီး ပြတင်းပေါက်ကွက်ငယ် ၈၄ ခုနဲ့ ဖွဲ့စည်းထားပါတယ်။
အရင်တုန်းကလည်း မီးလောင်မှုတွေ ရှိခဲ့ဖူးတာကြောင့် မူလလက်ရာ အကုန်လုံးတော့ ကျန်နေတာမဟုတ်ပါဘူး။
အခုမီးလောင်မှုမှာလည်း မီးမသင့်ခဲ့ပေမယ့် မီးအရှိန်ကြောင့် ကွဲအက်မယ့်အန္တရာယ်ကို စိုးရိမ်နေရပါတယ်။
မျှော်စင်ကြီးနှစ်ခု

ဓာတ်ပုံ ရင်းမြစ်, AFP
ဘုရားကျောင်း အနောက်ဘက်ခြမ်းက မျှော်စင်ကြီးနှစ်ခု။
အဲဒီမျှော်စင်ကြီး နှစ်ခုစလုံးဟာ ပေ ၂၀၀ လောက်မြင့်ပါတယ်။ လှေကားထစ်ပေါင်း ၃၈၇ ခုကို တက်ပြီး မျှော်စင်ထိပ်ကနေ ပြင်သစ်မြို့ ရှုခင်းကို စီးမိုး ကြည့်နိုင်တဲ့ မျှော်စင်တွေပါ။ အခုမီးလောင်မှုမှာ မျှော်စင်ကြီးတွေကို ကာကွယ်နိုင်ခဲ့ပါတယ်။
ရှေးဟောင်း စုလစ်မွန်းချွန်ခေါင်မိုး

ဓာတ်ပုံ ရင်းမြစ်, AFP
မနှစ်တုန်းက ရိုက်ထားတဲ့ပုံနဲ့ အခုမီးလောင်တဲ့ ပုံနှစ်ပုံကို ယှဉ်ပြထားတာပါ။
ဒီအမိုးချွန်ကြီးကလည်း သမိုင်းတစ်လျှောက် အကြိမ်ကြိမ် ပြင်ဆင်ထားခဲ့ဖူးပါတယ်။ ပြင်သစ် တော်လှန်ရေးတုန်းက ပျက်စီးခဲ့ဖူးလို့ ၁၈၆၀ နှစ် တွေတုန်းက ပြန်ဆောက်ထားခဲ့ရတာပါ။
ဘာသာရေးအမွေအနှစ်တွေ

ဓာတ်ပုံ ရင်းမြစ်, AFP
ယေရှုခရစ် ဆောင်းခဲ့တယ် ဆိုတဲ့ ဆူးခက် သရဖူကို မီးမသင့်အောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
နော်တရာဒမ် ဘုရားကျောင်းကြီးဟာ ယေရှုကို ကားစင် မတင်ခင်က သုံးခဲ့တယ် ဆိုတဲ့ လက်ဝါးကပ်တိုင်၊ သံချောင်း အပါအဝင် အဲဒီ ဆူးခက် သရဖူတွေကို ထိန်းသိမ်းထားတဲ့ နေရာလို့ ဆိုပါတယ်။
အခုမီးလောင်မှုမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ဘာသာရေး အမွေအနှစ်တွေအပါအဝင် ပြင်သစ်ဘုရင် လူဝီ ၉ လက်ထက် ဝတ်ဆင်ခဲ့တဲ့ သရဖူလို ရှေးဟောင်း ပစ္စည်းတွေကို ကာကွယ်နိုင်ခဲ့ပါတယ်။
မီးလောင်မှာ စိုးလို့ သိမ်းဆည်းလိုက်တဲ့ အနုပညာလက်ရာတွေကို မြို့တော်ခန်းမမှာ သိမ်းထားပေမဲ့ သယ်ဖို့ ခက်တဲ့ ပန်းချီကားချပ်ကြီး တွေလို အရာတွေလည်း ကျန်နေသေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Anne Hidalgo
ခေါင်းလောင်းကြီးတွေ

ဓာတ်ပုံ ရင်းမြစ်, FRANCOIS GUILLOT/Getty
ဘုရားကျောင်းကြီးမှာ ခေါင်းလောင်းကြီး ၁၀ လုံးရှိပါတယ်။ အကြီးဆုံး ခေါင်းလောင်းက ၂၃ တန် ရှိပြီး တောင်ဘက်ခြမ်းက မျှော်စင်မှာ ၁၆၈၅ ခုနှစ်က တပ်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။
လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်း အရုပ်ကြီးတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မျှော်စင်တွေပေါ်တက်ရင်း တွေ့နိုင်တာက ထင်ရှားတဲ့ ရေထုတ်ပေးတဲ့ ရေတံလျှောက်ပြွှန် အရုပ်ကြီးတွေပါ။
ဒဏ္ဍာရီလာ လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်း အရုပ်ကြီးတွေဟာ တိရစ္ဆာန်တစ်ကောင်မက စုပေါင်း ပုံဖော်ထားတာပါ။
အရုပ်ကြီးတွေထဲက အထင်ရှားဆုံးက အဆောက်အအုံ ထိပ်ဆုံးက Stryge ရုပ်ကြီးပါ။
အော်ဂင်ကြီးတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘုရားကျောင်းကြီးမှာ ပိုက်လုံးပေါင်း ၈၀၀၀နဲ့ တည်ဆောက်ထားတဲ့ အော်ဂင်ကြီး သုံးခုရှိပါတယ်။
၁၄၀၁ ခုနှစ်မှာ ပထမဆုံး စတည်ဆောက်ခဲ့တာ ဖြစ်ပြီး ၁၈ ရာစုနဲ့ ၁၉ ရာစုမှာ ပြန်လည် ပြုပြင်ထားခဲ့တာ ဖြစ်ပါတယ်။
အတွင်းပိုင်း

ဓာတ်ပုံ ရင်းမြစ်, EPA



















