ထိုင်းဆန္ဒပြသူတွေရဲ့ ကမ်းလှမ်းချက်ကို အစိုးရ ပယ်ချ

Thai
ဓာတ်ပုံ ပုံစာ, သေဆုံး ဒဏ်ရာရသူတွေ ပိုများလာနေ
ရေးသားခဲ့သည်။

ထိုင်းနိုင်ငံမှာ အစိုးရ ဆန့်ကျင်သူ အင်္ကျီအနီဝတ် ဆန္ဒပြသူတွေနဲ့ အစိုးရ အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွား နေရာမှာ အခုနောက်ဆုံး ဝင်လာတဲ့ သတင်းတွေအရ သေဆုံးသူပေါင်း ၃၄ ဦး ရှိသွားပါပြီ။

ဘန်ကောက်မြို့မှာ မနေ့ညက စပြီး ပစ်ခတ်မှုတွေ ပို ပြင်းထန်လာနေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီအတောအတွင်းမှာ ထိုင်းအာဏာပိုင်တွေက အခုဖြစ်ပွားနေတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေမှာ ပြည်ပက ဝင်ရောက် ညှိနှိုင်းတာမျိုးမလုပ်ဖို့ ပြောကြားလိုက်ပါတယ်။

လမ်းမတွေပေါ်ကနေ စစ်သားတွေကို ထိုင်းအစိုးရက ရုတ်သိမ်းပေးမယ်ဆိုရင် ကုလသမဂ္ဂ ကြားဝင်ညှိနှိုင်းတဲ့ နှစ်ဖက် ဆွေးနွေးမှုတွေလုပ်ဖို့ အသင့်ဘဲလို့ ဆန္ဒပြသူတွေ ဖက်က အစောပိုင်းက ကမ်းလှမ်းခဲ့ပါတယ်။

ထိုင်းအစိုးရကတော့ ဆန္ဒပြမှုတွေ အဆုံးသတ်သွားအောင် စစ်ရေးနည်းနဲ့သာ ဖြေရှင်းနိုင်မယ်လို့ ပြောထားပါတယ်။

တနင်္လာနေ့ နေ့လည် မတိုင်ခင် သပိတ်စခန်းတွေကနေ ထွက်ခွာကြဖို့ အမျိုးသမီးတွေနဲ့ သက်ကြီး ရွယ်အိုတွေကို ထိုင်းတာဝန်ရှိ ပုဂ္ဂိုလ်တွေက တိုက်တွန်းထားပြီး နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကြီးအနေနဲ့လည်း အကူအညီပေးဖို့ ထိုင်းအစိုးရက မေတ္တာ ရပ်ခံထားပါတယ်။

သပိတ်စခန်းထဲမှာ လူ ၅၀၀၀ လောက် ရှိနေဆဲဖြစ်ပြီး စစ်သားတွေ ဝိုင်းဝန်း ပိတ်ဆို့ထားတဲ့ အတွက် စားနပ် ရိက္ခာနဲ့ သောက်သုံးရေတွေ ပြတ်လပ်လာနေပြီ ဖြစ်ပါတယ်။

ဘန်ကောက်မြို့မှာ အင်္ကျီအနီဝတ် ဆန္ဒပြသူတွေ သပိတ်စခန်းချပြီး သပိတ်မှောက်နေတာ အခုဆိုလနဲ့ချီ ကြာနေပါပြီ။

ဆန္ဒပြသူတွေက ဝန်ကြီးချုပ် အဖိဆစ် ဝိဂျာဂျီဝ ရာထူးက နှုတ်ထွက်ပေးဖို့နဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုနေတာပါ။