အိန္ဒိယနိုင်ငံ လေယာဉ်ပျက်ကျမှု လူ ၁၅၈ ဦး သေဆုံး

ရေးသားခဲ့သည်။

အိန္ဒိယနိုင်ငံ တောင်ဖက်ပိုင်းမှာ ဒီကနေ့ လေယာဉ်တစီးပျက်ကျခဲ့ရာ ပျက်ကျရခြင်း အကြောင်းအရင်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင် ဆောက်ရွက်နေပြီလို့ အရာရှိတွေ က ပြောပါတယ်။

လေယာဉ်ပေါ်ပါ ၁၆၆ ဦး အနက် ၈ ဦးသာ အသက်ရှင် ကျန်ရစ်ပါတယ်
ဓာတ်ပုံ ပုံစာ, လေယာဉ်ပေါ်ပါ ၁၆၆ ဦး အနက် ၈ ဦးသာ အသက်ရှင် ကျန်ရစ်ပါတယ်

လေယာဉ်ပေါ်မှာ လူပေါင်း (၁၆၆) ယောက် ပါရှိပြီး အဲဒီအထဲက (၈) ဦးသာ အသက်ရှင် ကျန်ရစ်ပါတယ်။

လေယာဉ်ဟာ ဘိုးရင်း 7-3-7 ဖြစ်ပြီး မန်ဂလော မြို့ လေဆိပ်ကို ဆင်းသက်စဉ် ပြေးလမ်းကို ကျော်လွန်ပြီးနောက် တောင်နံရံတခုနဲ့ ဝင်တိုက် ကာ မီးလောင်သွားခဲ့တာ ဖြစ်ပါတယ်။

မန်ဂလောလေဆိပ် ပြေးလမ်းဟာ တောင်ကြား ထဲမှာရှိပြီး ပြေးလမ်းကျဉ်းတဲ့အတွက် လေယာဉ်မှူးတွေက သတိထားပြီး အဆင်းအတက် လုပ်ရပါတယ်။

လေယာဉ်ဆင်းတဲ့အချိန်မှာ တခုခု ပြဿနာဖြစ်နေတယ် ဆိုတာမျိုး ပိုင်းလော့ဆီကနေ ဘာအကြောင်းကြားချက်မှ မရရှိခဲ့ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘာကြောင့်ပြေးလမ်း ချော်သွားရတယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်။

ဒီလေယာဉ်ဟာ ခရီးသည်အတွက် စျေးနှုန်းသက်သာစွာနဲ့ ပျံသန်းနေတဲ့ Air India Express ပိုင် လေယာဉ်ဖြစ်ပါတယ်။

ဒူဘိုင်းမြို့ကနေ ထွက်ခွာလာတာဖြစ်ပြီး ခရီးသည်အများစုဟာ ဒူဘိုင်းမြို့မှာ အလုပ်လုပ် ရာကနေ ပြန်လာကြသူ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်တယ်လို့ ယူဆရပါတယ်။