ရေနံယိုမှု တားဆီးရေးမှာ BPကို အမေရိကန် ဝေဖန်လိုက်

salazar
ဓာတ်ပုံ ပုံစာ, BPကို Mr Salazar ပြင်းပြင်းထန်ထန် ဝေဖန်
ရေးသားခဲ့သည်။

မက္ကဆီကို ပင်လယ်ကွေ့မှာ ရေနံတွင်း ပေါက်ကွဲမှု ဖြစ်ပြီး ရေနံတွေ ယိုဖိတ်နေတာ ကို တားဆီးရေးမှာ BP ရေနံကုမ္ပဏီကြီးရဲ့ ကိုင်တွယ် လုပ်ဆောင်နေပုံနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထဲရေး ဝန်ကြီး Ken Salazar က ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလိုက်ပါတယ်။

Houston မြို့မှာရှိတဲ့ BP ကုမ္ပဏီရဲ့ အမေရိကန် ဌာနချုပ်ကို သွားရောက်ခဲ့အပြီးမှာ Mr Salazar က ရေနံယိုဖိတ်မှု တားဆီးရေးအတွက် နောက်ဆုံး နေ့ရက် သတ်မှတ် ထားတာကို BP ကုမ္ပဏီကြီးက နေ့ရွှေ့ ညရွှေ့ လုပ်နေတဲ့အတွက် သူ့အနေနဲ့ ဒေါသထွက် စိတ်ပျက်မိတယ်လို့ ပြောပါတယ်။

BP ကုမ္ပဏီကြီးအနေနဲ့ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်နေတဲ့အတွက် ဒီပြဿနာကြီးကို ဖြေရှင်းဖို့ နှောင့်နှေးနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အစောပိုင်းတုန်းက BP ကုမ္ပဏီ ပြောခွင့်ရ ပုဂ္ဂိုလ် က ရေနံ ယိုဖိတ်မှု လျော့ကျသွားအောင် ကြိုးပမ်းမှုတွေဟာ အရင်ကလောက် မထိရောက်ဘဲ ဖြစ်နေတယ်လို့ ထုတ်ဖေါ် ဝန်ခံ ခဲ့ပါတယ်။

ဒီကိစ္စအပေါ် အမေရိကန် အာဏာပိုင်တွေ ကိုင်တွယ် ဖြေရှင်းနေပုံနဲ့ ပတ်သက်လို့ လူထုအကြား မကျေမနပ် ဖြစ်နေမှုတွေ တနေ့တခြား တိုးပွားလာနေတာအပေါ် ပြန်လည်တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန် အစိုးရက အခုလို ပြင်းပြင်းထန်ထန် ဝေဖန် လိုက်တာဖြစ်တယ်လို့ ဝါရှင်တန်မှာရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ရေနံ ယိုဖိတ်မှု အတိုင်းအတာ ပမာဏနဲ့ ပတ်သက်လို့ရော၊ ရေနံယိုဖိတ်မှု တားဆီးရေး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ပါ သတင်းအချက်အလက်အများစုဟာ BP ကုမ္ပဏီ ဆီကပဲ လာနေတဲ့အတွက် အမေရိကန်အစိုးရအနေနဲ့ ရေနံ ယိုဖိတ်မှု တားဆီးရေးမှာ BP ကုမ္ပဏီ အပေါ် ကိုင်တွယ်အရေးယူပုံ ပေျာ့ညံ့လွန်းတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။