ရေနံယိုမှု တားဆီးရေး နည်းသစ် BP ကြိုးပမ်း

ရေနံယိုဖိတ်မှုကြောင့် Louisiana ကမ်းရိုးတန်းကို ထိခိုက်
ဓာတ်ပုံ ပုံစာ, ရေနံယိုဖိတ်မှုကြောင့် Louisiana ကမ်းရိုးတန်းကို ထိခိုက်
ရေးသားခဲ့သည်။

ရေနံတွေ အကြီးအကျယ် ယိုဖိတ်နေတဲ့ မက္ကဆီကို ပင်လယ်ကွေ့က ရေနံတွင်းကို ပိတ်ဆို့ဖို့ ကြိုးပမ်းမှုသစ် တရပ်ကို BP ရေနံကုမ္ပဏီက စတင် လုပ်ဆောင်နေပါပြီ။

ဒါပေမဲ့လည်း ဒီနည်းက အလုပ်ဖြစ် မဖြစ် ဆိုတာကို သိရဖို့က အချိန်ယူရအုံးမှာပါ။

ရေနံတွေ ယိုဖိတ်နေတဲ့ နေရာကို ရွှံ့တွေ၊ ဘိလပ်မြေတွေနဲ့ ပိတ်ဆို့တဲ့ အဲဒီနည်းကို ဒီလောက်နက်တဲ့ ရေအောက်မှာ လုပ်တာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပြီး ဒီလုပ်ဆောင်မှု အပြီးသတ်ဖို့ အချိန် ၂ ရက်လောက် ကြာမယ်လို့ BP ရေနံ ကုမ္ပဏီရဲ့ အကြီးအကဲ Tony Hayward ကပြောပါတယ်။

ဒီနည်းဟာ ၆၀ ကနေ ၇၀ ရာခိုင်နှုန်းအထိ အောင်မြင်နိုင်မဲ့လမ်း ရှိတယ်လို့ သူက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ BP ကုမ္ပဏီအပေါ် ဖိအားပေး ပြောဆိုနေမှုတွေကလည်း တိုးပွားလာနေပါတယ်။

ဧပြီလ ၂၀ရက်နေ့ ရေနံတွင်း ပေါက်ကွဲမှုကြီး မဖြစ်ခင်ကတည်းက အဲဒီ ရေနံတွင်းနဲ့ ပတ်သက်လို့ ချို့ယွင်းမှုတွေ အနည်းဆုံး ၇ခုလောက် ဖြစ်ခဲ့တယ်လို့ Mr Hayward က အစောပိုင်းက ထုတ်ဖေါ် ပြောခဲ့ပါတယ်။

အန္တရာယ် သတိပေး လက္ခဏာတွေကို လျစ်လျူရှူခဲ့ကြောင်း ရေနံ ပေါက်ကွဲမှုကနေ အသက်ရှင် လွတ်မြောက်လာတဲ့ ရေနံ လုပ်သားတွေရဲ့ သက်သေ ထွက်ဆိုချက်တွေမှာ ဖေါ်ပြထားပါတယ်။

တခါ အမေရိကန် အာဏာပိုင်တွေအနေနဲ့လည်း ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Louisiana ပြည်နယ် အုပ်ချုပ်ရေးမှူး ရီပတ်ဘလီကန် အမတ်က ရေနံ ယိုဖိတ်မှုကြောင့် Louisiana ပြည်နယ်ရဲ့ ကမ်းရိုးတန်း ကီလိုမီတာ ၁၆၀လောက်ကို ထိခိုက်ခဲ့ပြီး ဖယ်ဒရယ် အစိုးရရဲ့ အရေးပေါ် တုန့်ပြန် ဆောင်ရွက်မှုဟာ အရာမထင် နောက်ကျလွန်းလှတယ်လို့ ပြောပါတယ်။