အင်္ဂလန် ပထမ ၁၁ ယောက်

ကမ္ဘာကျော် ဘောလုံး မင်းသားတွေ များတဲ့ မြန်မာကြိုက် အင်္ဂလန် အသင်းရဲ့ မန်နေဂျာ အီတလီ လူမျိုး မစ္စတာ ကာပယ်လိုက ကစားသမား တွေရဲ့ ကျောနံပါတ် တွေကို သတ်မှတ် ပေးလိုက် တာမှာ ဂိုးသမား နေရာ အတွက် ကျောနံပါတ် ၁ ကို ဝါရင့် ဂိုးသမားကြီး ဒေးဗစ် ဂျိမ်းစ် ကို ပေးလိုက် ပါတယ်။ ဒီနေရာမှာ တစ်ခု ပြောစရာ ရှိတာက ကျောနံပါတ် တွေနဲ့ ပွဲထွက် ပထမ ကစား သမား ၁၁ ယောက်နဲ့က တိုက်ရိုက်ကြီး မသက်ဆိုင် ပေမယ့် မန်နေဂျာ အနေနဲ့ ကျောနံပါတ် ၁ ကနေ ၁၁ အထိ ပထမ နံပါတ် ၁၁ ခု ကိုတော့ သူ့စိတ်ထဲ နည်းနည်း အလေး သာတယ် ဆိုတာ ကတော့ ယေဘုယျ မှန်းဆလို့ ရပါတယ်။
ကျောနံပါတ် ၇ ကိုတော့ နဂို ခန့်မှန်း ထားတဲ့ အတိုင်း စပါးစ်က အေရွန် လင်နွန်ကို ပေးလိုက်ပြီး၊ တိုက်စစ်မှူး ကျောနံပါတ် ၉ ကိုတော့ ကာပယ်လိုကြီး အရင် အားထား ခဲ့တဲ့ ဟက်စကီး ကို မပေးဘဲ အရှည်ကြီး ခရောက်ချ်ကို ပေးလိုက် ပါတယ်။ အလယ်တန်း ဘယ်တောင်ပံက ကစားမယ့် ဂျိုးကိုးလ် ကတော့ ကျောနံပါတ် ၁၁ ကို ရလိုက် ပါတယ်။ ဒီလို ဆိုရင်တော့ ဂျိုးကိုးလ်ဟာ ဂျဲရတ်၊ လမ်းပတ် တို့နဲ့ အတူ အင်္ဂလန် ကွင်းလယ် ကစားကွက်ကို တာဝန်ယူ ကြမယ့် သဘောရှိပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကျော်က မက္ကဆီကိုနဲ့ ခြေစမ်းပွဲမှာ လက်စွမ်း ပြခဲ့တဲ့ ဂိုးသမား ရောဘတ် ဂရင်းကို ကျောနံပါတ် ၁ ပေးလိုက်မယ်လို့ ခန့်မှန်းခဲ့သူ တချို့ ရှိပေမယ့် မန်နေဂျာ ကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ဖြစ်တာမို့ အတွေ့ အကြုံရှိ ကစားသမား တွေကို ဦးစားပေး ရွေးခဲ့ပုံ ပေါ်ပါတယ်။ ထင်ရှားတဲ့ ဥပမာ တစ်ခု ကတော့ လူငယ် ခြေတက် သီယိုဝေါလ်ကော့ကို မရွေးပဲ ချန်ထားခဲ့ လိုက်တာပါ။
အသင်း ကပ္ပတိန် ဖာဒီနန် ကလည်း ဒီသဘောမျိုး ပြောပါတယ်။ နာမည် သေအောင်ကြီး လည်း အသင်းအတွက် မကိုက်လို့ ကတော့ မန်နေဂျာက ထားခဲ့ဖို့ ဝန်မလေး ပါဘူးလို့ ဖာဒီနန်က သူ့ မန်နေဂျာကို အထင်တကြီးနဲ့ ပြောပါတယ်။ ဘောလုံးသမား တွေရော ပရိသတ်တွေ ကပါ ကာပယ်လိုကြီး အပေါ်မှာတော့ တော်တော်ကြီးကို မျှော်လင့် ထားပုံ ပေါ်ပါတယ်။

အင်္ဂလန် အသင်းက တကယ်ကော ဖိုင်နယ် အထိ တက်သွား နိုင်ပါသလား။ အာဖရိကကို ထွက်မလာခင် ရက်ပိုင်းမှာပဲ နောက်ဆုံးတစ်ပွဲ ဂျပန်နဲ့ ခြေစမ်းတဲ့ အခါ အင်္ဂလန် အတွက် ရင်လေး စရာတွေ တွေ့ခဲ့ရပါတယ်။
ဂျပန်ကို ပွဲအပြီးမှာ ၂ ဂိုး ၁ ဂိုးနဲ့ နိုင်လိုက် ပေမယ့် အဲဒီ တစ်ပွဲလုံးက သုံးဂိုး စလုံးကို ဂျပန်တွေက သွင်းခဲ့တာပါ။ ဂျပန်တွေက ၂ ဂိုး ကိုယ့်ဂိုး ကိုယ်သွင်းသွားလို့ပါ။
ကွင်းလယ်လူ ဂျဲရတ်ကလည်း အင်္ဂလန် အခြေ အနေကို မေးတဲ့အခါ မတင် မကျဘဲ ဖြေခဲ့ပါတယ်။ ၃၂ သင်း ကနေ အုပ်စု ပတ်လည် ကစားပြီး ဒုတိယ အဆင့် ၁၆ သင်း ကိုတော့ အင်္ဂလန် အသင်းဟာ အုပ်စုဗိုလ် အနေနဲ့ တက်ရောက် သွားမယ်လို့ သူအနေနဲ့ ထင်မြင်ကြောင်း၊ ၁၆ သင်းကနေ နောက်တစ်ဆင့် အတွက် ကတော့ နောက်မှ ပြောတာပေါ့ ဆိုတာမျိုး ပြောလာ ပါတယ်။ ဒါပေမဲ့ အင်္ဂလန် အသင်း ကိုတော့ အတွေ့ အကြုံရှိ ဘောလုံး သမား တွေရော၊ လူငယ် ခြေတက် ခြေထက်လေး တွေနဲ့ပါ ဖွဲ့စည်း ထားပါ တယ်လို့ ပြောပါတယ်။ အင်္ဂလန် အသင်းဟာ လာမယ့် ဇွန်လ ၁၂ ရက် နေ့မှာ အမေရိကန် အသင်းနဲ့ ပွဲထွက် ကစား ရမှာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်း ကျောနံပတ်တွေကတော့
1. David James (ဂိုး)
2. Glen Johnson (နောက်တန်း)
3. Ashley Cole (နောက်တန်း)
4. Steven Gerrard (အလယ်တန်း)
5. Rio Ferdinand (နောက်တန်း)
6. John Terry (နောက်တန်း)
7. Aaron Lennon (အလယ်တန်း)
8. Frank Lampard (အလယ်တန်း)
9. Peter Crouch (ရှေ့တန်း)
10. Wayne Rooney (ရှေ့တန်း)
11. Joe Cole (အလယ်တန်း)
12. Robert Green (ဂိုး)
13. Stephen Warnock (နောက်တန်း)
14. Gareth Barry (အလယ်တန်း)
15. Matthew Upson (အလယ်တန်း)
16. James Milner (အလယ်တန်း)
17. Shaun Wright-Phillips (အလယ်တန်း)
18. Jamie Carragher (နောက်တန်း)
19. Jermain Defoe (ရှေ့တန်း)
20. Ledley King (နောက်တန်း)
21. Emile Heskey (ရှေ့တန်း)
22. Michael Carrick (အလယ်တန်း)
23. Joe Hart (ဂိုး)




















