ဂျပန်အသင်း

ဂျပန်အသင်းဟာ သူတို့ အိမ်ရှင် လုပ်ခဲ့တဲ့ ၂၀၀၂ ကမ္ဘာ့ဖလားကလွဲလို့ တခါမှ အုပ်စု အဆင့်က မတက်ဖူးပါဘူး။ ဒီနှစ်မှာတော့ နည်းပြ တာကေရှီ အိုကာဒါက ဆီမီးအဆင့်တက်နိုင်ဖို့ မှန်းထားပါတယ်လို့ ဆိုနေပါတယ်။
ဒါပေမယ့် နယ်သာလန်၊ ကင်မရွန်း၊ ဒိန်းမတ်တို့နဲ့ တစ်အုပ်စုထဲ ကျနေတဲ့အတွက် သိပ်တော့ မချောင်လှဘူးလို့ ဆိုရမှာပါ။
ဂျပန်အသင်းဟာ ဖေဖော်ဝါရိလတုန်းက လုပ်ခဲ့တဲ့ အရှေ့အာရှ ဘောလုံးပွဲမှာလည်း သိပ်အခြေအနေ မကောင်းခဲ့ပါဘူး၊ ဧပြီလတုန်းက ခြေစမ်းပွဲမှာလည်း ဆားဘီးယားကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးထားပါသေးတယ်။
ဒါပေမယ့် အာရှအကောင်းဆုံး ဘောလုံးသမား ယာဆူဟီတို အင်ဒိုနဲ့ ဂျာမနီမှာ ကစားနေတဲ့ မာကိုတို ဟာဆေးဘေးတို့ကလည်း အလယ်တန်းမှာ အားကောင်းမောင်းသန် ကစားနိုင်ကြသလို CSKA Moscow မှာ ကစားနေတဲ့ ကေအိဆုကေး ဟွန်ဒါကလည်း ခြေစွမ်းပြနေတာမို့ အားရှိစရာပါ။
ရည်မှန်းချက်
အသင်းမန်နေဂျာရဲ့ ဆီမီးဖိုင်နယ် မျှော်လင့်ချက်ကို မပြောပါနဲ့၊ နိုင်ငံခြားမြေမှာ ကစားတဲ့ ကမ္ဘာ့ဖလားမှာ နိုင်ပွဲ တပွဲ စရရင်တောင် ဂျပန်အသင်း တိုးတက်မှု ရှိလာတယ်လို့ ဆိုနိုင်မှာပါ။
အဓိက ကစားသမားသုံးယောက်

ကေအိဆုကေး ဟွန်ဒါ - နည်းပြ အိုကာဒါကတော့ သူ့ကို ဂျပန်အသင်းရဲ့ ပင်မဒေါက်တိုင်ကြီးလို့ ပြောပါတယ်။ အလယ်တန်းလူ ဟွန်ဒါဟာ ဖရီးကစ် စပါယ်ရှယ်လစ်ပါ၊ ကန်ချက်လည်း ပြင်းလို့ သူ့ကို ဂျပန် သတင်းစာတွေက ဒုံးကျည်လို့ တင်စားရေးကြပါတယ်။
ရွှန်ဆုကေး နာကာမူရာ - ဂျပန်အသင်းထဲမှာတော့ နာမည်အကြီးဆုံးကစားသမားပါ၊ ဆဲလ်တစ် အသင်းရဲ့ အလယ်တန်းကစားသမား နာကာမူရာဟာ အလွတ်တည်ဘောကနေ ဂိုးသွင်းနိုင်ပါတယ်။ သူဟာ ဘယ်ခြေနဲ့ ကစားသူဖြစ်ပြီး ဘယ် ညာ တောင်ပံ နှစ်ဖက်စလုံးက ကစားနိုင်ပါတယ်။
တာကာယုကီ မိုရီမိုတို - အသက် ၂၂ နှစ်ပဲ ရှိသေးတဲ့ တိုက်စစ်မှူး မိုရီမိုတိုဟာ အရပ်ကတော့ ၆ ပေရှိတဲ့ လူထွားကြီးပါ၊ ဂျပန်လိခ်မှာ အသက် ၁၅ နှစ်နဲ့ ဝင်ကစားခဲ့ပြီး အသက်အငယ်ဆုံး ဂိုးသွင်းသူလည်း ဖြစ်ခဲ့ပါတယ်။ သူ့အရပ်အမောင်းက တဖက်အသင်း ဂိုးဧရိယာထဲကို တိုက်စစ်ဆင်တဲ့အခါ အားသာစေမှာပါ။
ခြေစစ်ပွဲအောင်ခဲ့ပုံ
W 4-1 Thailand (H) L 1-0 Bahrain (A) W 3-0 Oman (H) D 1-1 Oman (A) W 3-0 Thailand (A) W 1-0 Bahrain (H) W 3-2 Bahrain (A) D 1-1 Uzbekistan (H) W 3-0 Qatar (A) D 0-0 Australia (H) W 1-0 Bahrain (H) W 1-0 Uzbekistan (A) D 1-1 Qatar (H) L 2-1 Australia (A)
သြစတေးလျရဲ့ နောက်က ဒုတိယနေရာက ခြေစစ်ပွဲအောင်ခဲ့ပါတယ်။
ကမ္ဘာ့ဖလား အစဉ်အလာ
၂၀၀၂ ခုနှစ်မှာ တောင်ကိုရီးယားနဲ့ အတူ ပူးတွဲ အိမ်ရှင် အဖြစ် ကမ္ဘာ့ဖလားပွဲကို လက်ခံကျင်းပတုန်းက တစ်ကြိမ်ပဲ ဒုတိယ အဆင့်ကို တက်ခဲ့ပါတယ်။ ၁၆ သင်း အဆင့်မှာတော့ တူရကီကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးပြီးထွက်ခဲ့ရတာပါ။




















