ယိုစိမ့်ရေနံ တချို့ကို သွယ်ယူနိုင်ပြီ
မက္ကဆီကို ပင်လယ်ကွေ့မှာ ဖြစ်ခဲ့တဲ့ ရေနံ ယိုစိမ့်မှု ကနေ ထွက်လာတဲ့ ရေနံ တချို့ကို ပင်လယ် ရေအောက် ကြမ်းပြင်က နေ ရေမျက်နှာပြင် ပေါ်ကို သွယ်ယူ နိုင်ပါပြီ။

သီတင်း ခြောက်ပတ် ကျော် အတွင်း ပထမဆုံး အကြိမ် အင်ဂျင်နီယာတွေ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့တာပါ။ BP ရေနံကုမ္ပဏီက ရေနံ ပိုက်လိုင်းဝမှာ အဖုံးတခု တပ်ဆင် ပြီး အဲဒီကနေ တဆင့် ယိုဖိတ် ရေနံတွေကို ပင်လယ် ရေမျက်နှာပြင် အထက်မှာ ရှိတဲ့ သင်္ဘောပေါ်ကို လွှဲပြောင်း ပို့ပေး နိုင်ဖို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။
အမေရိကန် ကမ်းခြေစောင့် တပ်တွေကတော့ အခု တပ်ဆင်လိုက်တဲ့ အဖုံးဟာ ပင်လယ် ရေအောက် ရေနံတွင်းကနေ စိမ့်ထွက် နေတဲ့ ရေနံ တွေ တစ်နေ့ကို စည်ပေါင်း တစ်ထောင်နှုန်းနဲ့ စုဆောင်း သိမ်းဆည်းမှာ ဖြစ်ပါတယ်။
ဒီပမာဏဟာ ပင်လယ်ထဲကို နေ့စဉ် ယိုစိမ့်နေတဲ့ ရေနံ ပမာဏ စုစုပေါင်းရဲ့ အနည်း အကျဉ်းမျှသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘီပီ ရေနံ ကုမ္ပဏီကြီးကတော့ အခု နည်း သစ် ကို သုံးပြီး တဖြည်းဖြည်းနဲ့ ရေမျက်နှာပြင် ပေါ်က ရေနံတင် သင်္ဘော တွေကို ပို့ဆောင် ပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
ရေနံ ယိုစိမ့်မှု ကိစ္စနဲ့ ပတ်သက်လို့ မကျေနပ်မှုတွေ တိုးပွားလာနေချိန်မှာ အမေရိကန် သမ္မတ အိုဘားမားက စီစဉ်ထားတဲ့ အင်ဒိုနီးရှားနဲ့ သြစတြေးလျ နိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။
ရေနံယိုစိမ့် မှု ကြောင့် ပျက်စီးဆုံးရှုံးမှု ဘယ်လောက်ရှိတယ် ဆိုတာ သိရအောင် အဲဒီ နေရာကို သမ္မတ အိုဘားမား ဒီကနေ့ နောက်တခါ ထပ်သွားမှာပါ။
ဒီရေနံ ယိုဖိတ်မှုကြီးကို အမြန်ဆုံး တုံ့ပြန် ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ တာနဲ့ ပတ်သက်လို့ BP ရေနံ ကုမ္ပဏီကို သမ္မတ အိုဘားမား က ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆို ပြီး အမေရိကန် ဘက်က ကိုင်တွယ် ဆောင်ရွက်ရမှု အတွက် ကုန်ကျစရိတ် တချို့ စာရင်းကို အိမ်ဖြူတော်က ဘီပီ ကုမ္ပဏီထံ ပေးပို့ခဲ့ပါတယ်။
















