အီရန်နျူကလီယားကိစ္စ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချဖို့ရှိ

အီရန်ကို ဒဏ်ခတ်ပိတ်ဆို့မဲ့ ဆုံးဖြတ်ချက်အသစ် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ချဖို့ရှိ
ဓာတ်ပုံ ပုံစာ, အီရန်ကို ဒဏ်ခတ်ပိတ်ဆို့မဲ့ ဆုံးဖြတ်ချက်အသစ် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ချဖို့ရှိ
ရေးသားခဲ့သည်။

အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေချဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မကြာမီ မိနစ်ပိုင်း အတွင်း မဲခွဲ ဆုံးဖြတ်ကြဖို့ ရှိပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Susan Rice က အခု ဆုံးဖြတ်ချက်ဟာ ကျယ်ပြန့် ပြင်းထန်ပြီး အီရန်အပေါ် အဓိပ္ပါယ်ရှိတဲ့ ထိရောက်တဲ့ ဒစ်ခတ်မှုအသစ်တွေ ဖြစ်စေမှာပါ။ ရည်ရွယ်ချက်က အီရန်ကို သူတို့ရဲ့ နျူကလီယားအစီအစဉ် ရပ်ဆိုင်းအောင် ဆွဲဆောင်ပြီး အပြုသဘော စေ့စပ်ညှိနှိုင်းဖို့ ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲမှာ ငွေကြေးသုံးစွဲမှုအပေါ် ပိုပြီးစိစစ်ကန့်သတ်ဖို့နဲ့ ကုန်ပစ္စည်း သယ်ပို့တာတွေကို ပိုတိတိကျကျ စစ်ဆေးဖို့ စတာတွေ ပါဝင်မယ်လို့ ယူဆရပါတယ်။

အခုလုပ်မယ့် ဒဏ်ခတ်မှုတွေကို တူရကီနဲ့ ဘရာဇီးနိုင်ငံတွေက ကန့်ကွက်မှာ ဖြစ်ပေမယ့် အတည်ပြုနိုင်မယ့်ပုံရတယ်လို့ ကုလသမဂ္ဂမှာ ရှိတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

အီရန်ကနေ ရေဒီယို သတ္တိကြွ ယူရေနီယမ်တွေကို တူရကီကို ပို့ပြီး အပြန်အလှန်အဖြစ် သုတေသနဓါတ်ပေါင်းဖို အတွက် လောင်စာဆီ ပေးဖို့ တူရကီနဲ့ ဘရာဇီးနိုင်ငံတွေဟာ မကြာသေးခင်က အီရန်နဲ့ စေ့စပ်ညှိနှိုင်းပြီး သဘောတူထားခဲ့တာဖြစ်ပါတယ်။

အမေရိကန် ရုရှ နဲ့ ပြင်သစ်နိုင်ငံတွေက အဲဒီ အစီအစဉ်နဲ့ပတ်သက်လို့ စိုးရိမ်ကြောင်း ကုလသမဂ္ဂ အနုမြူစွမ်းအင်ဆိုင်ရာ အေဂျင်စီ IAEA ကို ပြောကြားခဲ့ကြပါတယ်။

ဒီအတော အတွင်းမှာတော့ အငြင်းပွားစရာဖြစ်ခဲ့ရတဲ့ အီရန်ရွေးကောက်ပွဲ ပထမ နှစ်ပတ်လည်အဖြစ် ထုတ်ဝေခဲ့တဲ့ Amnesty International ရဲ့ အစီရင်ခံစာမှာ

အီရန်နိုင်ငံမှာ တရားစီရင်ရေးစံနစ်ကို လူထုကို ဖိနှိပ်ရာမှာ သုံးတဲ့ အဓိက ကရိယာတခုအဖြစ် ဆက်ပြီး အသုံးချနေတယ်လို့ စွပ်စွဲထားပြီး ကန့်ကွက် ဆန္ဒပြမှုတွေကို တားဆီးဖို့ ကွပ်မျက်မှုတွေကို လုပ်နေတယ်လို့ ဖေါ်ပြထားပါတယ်။