ဘီပီ ရှယ်ယာစျေး ရုတ်ချည်း ကျဆင်း

အမေရိကန် ပြည်ထောင်စု မက္ကဆီကို ပင်လယ်ကွေ့မှာ ရေနံတွေ ယိုဖိတ်နေတာနဲ့ ပတ်သက်ပြီး ဗြိတိသျှ ရေနံ ကုမ္ပဏီကြီး ဘီပီက ရေနံ ယိုစိမ့် ထွက်ရှိမှုတွေ ရပ်တန့် အောင် ဆောင်ရွက် နေဆဲ၊ အမေရိကန် သမ္မတ ကလည်း ဘီပီကို ပြစ်တင်နေ တုန်းမှာပဲ အခုတော့ ဘီပီရဲ့ အစု ရှယ်ယာ စျေးတွေ နယူးယောက် စတော့အိတ် ချိန်းမှာ တစ်ရက် အတွင်း ၁၆ ရာခိုင်နှုန်း ကျဆင်းခဲ့ တာကြောင့် ဘီပီရဲ့ အမှုဆောင် ဒါရိုက်တာ တွေကတော့ ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံ ထားသူတွေကို ဆက်ထိန်း ထားနိုင်ဖို့ ကြိုးစား နေကြပါတယ်။
ရေနံတွေ စပြီး ယိုစိမ့်ချိန် ကနေ တွက်မယ် ဆိုရင် ရှယ်ယာ တန်ဖိုးက ၄၀ ရာခိုင်နှုန်း လောက်အထိ ကျဆင်း သွားခဲ့တာ ဖြစ်ပါတယ်။ ဒါရိုက်တာ တွေက ရေနံ ဖိတ်တာ တွေကို ရပ်တန့်အောင် လုပ်ဖို့၊ ပင်လယ်ကွေ့ ပတ်ဝန်းကျင် သန့်ရှင်းရေး ပြန်လုပ်ဖို့ အတွက် ငွေကြေး ကုန်ကျခံ လုပ်နေရ တာကြောင့် ကုမ္ပဏီကြီးကို ငွေကြေးအရ ခိုင်မာ နေဆဲ ဖြစ်အောင် လုပ်နိုင်ဖို့ ကတော့ သိပ်မလွယ် ဘူးလို့ ပြောပါတယ်။
ဘီပီက ရှယ်ယာရှင် တွေကို အမြတ်ငွေ ခွဲပေးတာ တွေကို လျှော့ချ နိုင်တယ်၊ ဒီလိုပဲ သူတို့ လုပ်မှာပါ။ နောက် တစ်ခုက ကုမ္ပဏီကို မရောင်း ဘူးလို့ သူတို့က ဆိုထား ပေမယ့် ကျွန်တော် ထင်ပါတယ်၊ ရောင်းချင်လည်း ရောင်းလိုက် မှာပါလို့ နယူးယောက် ဘဏ္ဍာရေးဆိုင်ရာ အကဲခတ် အဖွဲ့ တစ်ဖွဲ့ရဲ့ ဥက္ကဌ ဂျွန်အိဒ် က ပြောပါတယ်။
ရေနံယိုဖိတ်မှုတွေကို ဘီပီအနေနဲ့ အပြီးတိုင် ဖြေရှင်း မပြီးမချင်း ရှယ်ယာရှင် တွေကို အမြတ်ငွေတွေ မပေးဖို့ကို အမေရိကန်အစိုးရကလည်း ဘီပီရေနံ ကုမ္ပဏီကို ဖိအားတွေ ပေးထားပါတယ်။

















