ဒုတိယနေ့ပွဲစဉ်များ

South Korea
ဓာတ်ပုံ ပုံစာ, အောင်ပွဲခံနေတဲံ တောင်ကိုရီးယားအသင်း
ရေးသားခဲ့သည်။

ကမ္ဘာ့ဖလားဖွင့်ပွဲနေ့က ကစားခဲ့တဲ့ အုပ်စု (A) က နှစ်ပွဲ စလုံး သရေနဲ့ ပြီးသွားခဲ့ပေမယ့် ဒုတိယနေ့မှာတော့ အောင်နိုင်သူတွေ တွေ့လာရပါပြီ။

အုပ်စု (B) ပွဲစဉ်တွေမှာ အစောပိုင်းကစားတဲ့ ပွဲမှာ တောင်ကိုရီးယားက ဥရောပချန်ပီယံဖြစ်ခဲ့တဲ့ ဂရိကို နှစ်ဂိုး ဂိုးမရှိနဲ့ ပြတ်ပြတ်သားသား နိုင်သွားပါတယ်။

လျှင်လျှင်မြန်မြန် အဖြတ်အတောက် စိတ်စိတ်နဲ့ ကစားသွားတဲ့ တောင်ကိုရီးယားရဲ့ အရှိန်ကို ဂရိ မထိန်းနိုင်ပဲ ဖြစ်ခဲ့ပါတယ်။ ကိုရီးယား ရှေ့တန်းသာ ဂိုးသွင်းသေချာခဲ့ရင် ပွဲ အဖြေက ဒီထက်ပိုပြီး ပြတ်ဖို့ ရှိပါတယ်။

ပထမပိုင်း ၇ မိနစ်မှာပဲ ကော်နာက တဆင့်တင်ပေးတဲ့ ဘောလုံးကို လီဂျွန်ဆူးက အနီးကပ်ကန်သွင်းပြီး ဗွေဆော်ဦး ဂိုးရပါတယ်။ ဒုတိယပိုင်း ၅၂ မိနစ်မှာတော့ မန်ချက်စတာယူနိုက်တက် အလယ်တန်းလူ၊ တောင်ကိုရီးယားအသင်း ကပ္ပတိန် ပတ်ဂျီဆွန်းက ကွင်းလယ်က ဆွဲပြေးပြီး ဂရိနောက်ခံလူတွေ ဝိုင်းဖျက်တဲ့ ကြားက ကန်သွင်းသွားတာပါ။

ဒုတိယပွဲမှာတော့ ဒီနှစ် ဗိုလ်စွဲနိုင်တဲ့ အသင်းလို့ တစ်ပြေးနေတဲ့ အာဂျင်တီးနားက နိုင်ဂျီးရီးယားနဲ့ တွေ့ပါတယ်။ ပွဲစကတည်းက အာဂျင်တီးနား ဒရစပ်တိုက်စစ်ဆင်ပါတယ်။ မက်ဆီကို ရှေ့ဆုံးထိပ်မှာ ထားပြီး တဲဗက်နဲ့ ဟီဂွေယင်တို့က ရံပြီး တိုက်စစ်ဆင်ပါတယ်။

Heinze's goal
ဓာတ်ပုံ ပုံစာ, ဟိန်းဇေးရဲ့ ခေါင်းတိုက်ဂိုး

ပွဲစလို့ ခြောက်မိနစ်ပဲ ရှိပါသေးတယ်၊ အာဂျင်တီးနား ဂိုးရသွားပါတယ်။ ကော်နာဘောလုံး ဂိုးရှေ့ရောက်လာလို့ နိုင်ဂျီးရီးယား နောက်ခံလူ ဖျက်ထုတ်တာကို ဧရိယာအစပ်က ဂက်ဘရီရယ် ဟိန်းဇေးက ခေါင်းတိုက်သွင်းလိုက်တာဖြစ်ပါတယ်။

မက်ဆီ ဂိုးသွင်းခွင့်တွေလည်း အကြိမ်ကြိမ်ရပါတယ်။ နိုင်ဂျီးရီးယား ဂိုးသမားသာ လက်ရော ခြေရော ဒူးပါမကျန် ကာကွယ်နေနိုင်ခဲ့လို့သာ မက်ဆီ တဒိုင်းဒိုင်း ကန်နေတဲ့ ဘောလုံးတွေ ဂိုးပိုက်နဲ့ မိတ်မဆက်နိုင်ပဲ ဖြစ်နေတာပါ။

နိုင်ဂျီးရီးယားက တစ်ခါတစ်ခါမှသာ ပြန်တိုက်စစ်ဆင်နိုင်ပေမယ့် သူတို့လည်း ဂိုးသွင်းခွင့်ရခဲ့ပါတယ်။ ရှေ့တန်းလူတွေ မသေချာလို့သာ ချေပဂိုးတောင်မရလိုက်ပဲ ပြီးသွားခဲ့တာပါ။

ဇွန်လ ၁၇ ရက်နေ့မှာတော့ နိုင်ထားတဲ့ နှစ်သင်း အာဂျင်တီးနားနဲ့ တောင်ကိုရီးယား၊ ရှုံးထားတဲ့ ဂရိနဲ့ နိုင်ဂျီးရီးယားတို့ကစားကြမှာပါ။

စနေနေ့က ကစားခဲ့တဲ့ နောက်တစ်ပွဲကတော့ အုပ်စု (ဂ) က အင်္ဂလန်နဲ့ အမေရိကန်တို့ပွဲပါ။

ဖေးဘရိတ် အင်္ဂလန်က သေချာပေါက် နိုင်မယ်လို့ တွက်ထားသူများပေမယ့် တကယ်တန်းတော့ ခြေမကွာသလို အင်္ဂလန်ကလည်း စီးထားပြီး မကစားသွားနိုင်ပါဘူး။

ဒါပေမယ့် ပွဲအစမှာပဲ အင်္ဂလန် အဖွင့်ဂိုး ရသွားပါတယ်။ ရှေ့တန်းမှာ ဝိန်းရွန်နီနဲ့ တွဲပေးထားတဲ့ အယ်မီလီဟက်စကီက ဂိုးဧရိယာအစပ်ကို ချပေးတဲ့ ဘောကို အသင်းကပ္ပတိန် စတီဗင်ဂျဲရတ်က ကန်သွင်းသွားတာပါ။

ရွန်နီကို အမေရိကန်နောက်တန်းက အသေကပ်ထားတာကြောင့် ရွန်နီ သိတ်မလှုပ်နိုင်ပါဘူး၊ အလယ်တန်းလောက်ပြန်ဆင်းပြီး အကွက်ပြန်ဖော်နေရပါတယ်။

Green goal
ဓာတ်ပုံ ပုံစာ, ရောဘတ်ဂရင်းမမိလိုက်တဲ့ ဂိုး

ဒီလိုနဲ့ ပထမပိုင်းပြီးကာနီးမှာ အမေရိကန်ချေပဂိုးရသွားပါတယ်။ ကွင်းတဝက်လောက်ကနေ ဒမ်မ်ဆီ ဘယ်ခြေနဲ့ ဂိုးထဲလှမ်းကန်တာ အင်္ဂလန်ဂိုးသမား ရောဘတ်ဂရင်း ဖမ်းမိပြီးမှ လက်ထဲကချော်ပြီး ဂိုးထဲဝင်သွားတာပါ။ အင်္ဂလန်အသင်းအတွက် နံပတ်တစ် ဂိုးသမားနေရာကို မရချင်ရချင် ရထားတဲ့ ဂရင်းအတွက်တော့ မျက်နှာပျက်စရာကြီးပါ။

ဒုတိယပိုင်းမှာ အမေရိကန်က အော်လတီဒိုး အနီးကပ်ကန်သွင်းတဲ့ ဘောလုံးကို ဂရင်းကာကွယ်လိုက်နိုင်လို့သာ သိက္ခာဆယ်နိုင်လိုက်တာပါ။

ဒုတိယပိုင်းမှာတော့ နှစ်ဖက်စလုံး သာမန်ကစားကွက်နဲ့ပဲ ကစားသွားပြီး ဂိုးမသွင်းနိုင်ကြလို့ တစ်မှတ်စီခွဲယူ သွားကြပါပြီ။

အင်္ဂလန်အသင်းအတွက် နောက်တဆင့်တက်နိုင်ဖို့ဆိုရင်တော့ ဒီထက်အများကြီးခြေစွမ်းပြဖို့လိုသေးတယ်လို့ပဲ အများက သုံးသပ်ကြပါတယ်။