နာမည်ကြီး စပိန် ရှုံးပွဲနဲ့ ကြုံ

ရှုံးချက်နာတဲ့ စပိန်
စပိန်ဟာ ဗိုလ်စွဲမယ် လို့တောင် ထင်ကြေးပေး ခံထား ရတဲ့ အသင်းပါ၊ လန်ဒန်က လောင်း ကစား ဒိုင်တွေမှာ ဆိုရင် စပိန်က ချန်ပီယံ ဆုဖလား ရဖို့ အသေ ချာဆုံး ကြေးဖွင့် ခံထားရတဲ့ အသင်းဖြစ်ပြီး အခုအုပ်စု H က အဖွင့်ပွဲမှာ စပိန် အသင်းက ဘောလုံး အင်အားကြီး နိုင်ငံတစ်ခု မဟုတ်တဲ့ ဆွစ်ဇာလန်နဲ့ ကစား အပြီးမှာ တစ်ဂိုး သုညနဲ့ ရှုံး သွားပါတယ်။
Durban မြို့မှာ ကစားတဲ့ ပွဲမှာ နာမည်ကြီး အသင်းကို အနိုင် ကစား လိုက်တဲ့ ဆွစ်ဇာလန် အတွက် အနိုင်ဂိုး ကိုတော့ Gelson Fernandes က ၅၂ မိနစ်မှာ သွင်းယူခဲ့ တာပါ။ စပိန် အသင်းမှာ နာမည်ကျော် ကစားသမား တွေဖြစ်တဲ့ ပူးယိုးလ်၊ ရှာဗီ၊ အလွန်ဆို၊ ဒေးဗစ် တို့အပြင် တိုက်စစ်မှူး တောရက်စ် ပါ ၆၁ မိနစ်မှာ ဝင်ကစား ပေမယ့် တစ်ဂိုးမှကို မသွင်း နိုင်ခဲ့ပါဘူး။
၁၉၅၄ ခုနှစ် ကတည်းက ထဲက တွက်မယ် ဆိုရင် ဆွစ်ဇာလန် အတွက် အမြိန်ဆုံး အောင်မြင် မှုလို့ ဆိုနိုင်ပါတယ်။
တောင်အာဖရိက ၀ - ဥရုဂွေး ၃
အိမ်ရှင်အသင်း အခြေမလှ ဖြစ်ခဲ့ရတဲ့ပွဲပါ။ ပထမပွဲစဉ်မှာ နှစ်သင်းစလုံး သရေပွဲပဲ ကစားနိုင်ခဲ့လို့ ဒီပွဲ အနိုင်ရအောင် ဖွင့်ပြီး တိုင်စစ်ဆင်ကြပါတယ်။
ဥရုဂွေးအသင်းက တိုက်စစ်မှုး ဒီရေဂိုဖော်လန်က ပထမပိုင်းမှာပဲ အဝေးက လှမ်းကန်တာ တောင်အာဖရိက နောက်ခံလူ ခေါင်းနဲ့ထိပြီး ဂိုးဝင်သွားလို့ အဖွင့်ဂိုးရသွားပါတယ်။
တခါဒုတိယပိုင်းမှာ တောင်အာဖရိက ဂိုးသမားက ဥရုဂွေးက ဆူရာဇက်ကို ပင်နယ်တီဧရိယာထဲမှာ လှဲချတယ်ဆိုပြီး ဂိုးသမားလဲထုတ်ခံရပြီး ပင်နယ်တီပေးခံရပါတယ်။ ဖော်လန်ပဲ ကန်သွင်းပါတယ်။
ပွဲပြီးကာနီးမှာတော့ ဥရုဂွေးက ပရဲရားက အနီးကပ်ခေါင်းတိုင်သွင်းလို့ ဥရုဂွေးက ၃ ဂိုးပြတ် နဲ့နိုင်သွားပါတယ်။
တောင်အာဖရိက တစ်ပွဲသရေ၊ တစ်ပွဲရှုံးနဲ့ တစ်မှတ်ပဲ ရထားလို့ အခြေအနေ သိတ်မကောင်းတော့ဘူးလို့ ပြောရမှာပါ။ နောက်ဆုံးပွဲကို ပြင်သစ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
ချီလီနိုင်တဲ့ပွဲ

အစောပိုင်းက ကစားခဲ့တဲ့ ပွဲမှာတော့ တောင် အမေရိက ချီလီက နဂိုမှန်း ထားတဲ့ အတိုင်း ဟွန်ဒူရပ်စ် ကို အနိုင် ကစား ခဲ့ပါတယ်။ ဂိုးတော့ အများကြီး မသွင်း နိုင်ခဲ့ပါဘူး။ တစ်ဂိုး သုည နဲ့ပဲ ပွဲပြီး သွားခဲ့ ပါတယ်။
ကမ္ဘာ့ ဖလား ပြိုင်ပွဲရဲ့ နောက်ဆုံး အဆင့်ပွဲ တွေမှာ ၄၈ နှစ် အတွင်း ချီလီ အနေနဲ့ ပထမဆုံး အနိုင် ကစား နိုင်ခဲ့တဲ့ ပွဲပဲ ဖြစ်ပါတယ်။ အနိုင်ဂိုး ကိုတော့ Beausejour က ၃၄ မိနစ်မှာ သွင်းယူ ခဲ့ပါတယ်။
ဒီနှစ် ကမ္ဘာ့ ဖလား ဘောလုံး ပွဲတွေမှာ ဂျာမနီက သြစတြေးလျ ကို လေးဂိုး ပြတ်နဲ့ နိုင်ခဲ့တဲ့ တစ်ပွဲက လွဲလို့ ဂိုးများများ မသွင်း နိုင်ကြ ပါဘူး။ တစ်ဂိုး သို့မဟုတ် နှစ်ဂိုး အများ ဆုံးပဲ သွင်းကြ ပါတယ်။




















