ဂါဇာပိတ်ဆို့မှု လျှော့ပေးမယ်လို့ အစ္စရေးဆို
အစ္စရေး နိုင်ငံက သုံးနှစ်ကြာ ဂါဇာ ကမ်းမြောင်မှာ ပိတ်ဆို့ ထားတာ တွေကို လျှော့ပေါ့ ပေးမယ်လို့ ကြေညာ လိုက်ပေမဲ့ ဟားမက်စ် အဖွဲ့ကတော့ ဒါဟာ မလုံလောက် သေးဘူးလို့ ပြောလိုက် ပါတယ်။

ပစ္စည်း အမျိုး အမည် ၁၀၀ သွင်းခွင့် ပေးတယ် ဆိုတဲ့ အစ္စရေး တို့ရဲ့ ကြေညာ ချက်ဟာ အလကားပါ၊ မီဒီယာ ကို အသုံးချ ဝါဒဖြန့် တာပါပဲ။ အနောက်နိုင်ငံသားတွေ စားသောက် တဲ့ အစား အစာ တွေ ပေးသွင်း တာကို ဘာလုပ် ရမှာလဲ၊ ကျွန်တော်တို့ လိုတာက ဂါဇာ ပြန်လည် တည်ဆောက်ရေး အတွက် ဘိလပ် မြေတို့၊ သံချောင်းတို့ လိုတာပါ၊ ဒါတွေ ပေးသွင်း စေဦးတော့၊ ကျွန်တော်တို့ လိုချင်တာက လုံးဝ လွတ်လပ်ခွင့် ပေးပြီး အပိတ် အဆို့ အတား အဆီး မရှိစေဖို့ ပါလို့ ဟားမတ်စ် အဖွဲ့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Sami Abu Zuhri က ပြောပါတယ်။
တူရကီ နိုင်ငံသား ၉ ဦး သေဆုံး ခဲ့ရတဲ့ ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းတွေ တင်လာတဲ့ Mavi Marmara သင်္ဘောကို အစ္စရေး ကွန်မင်ဒိုတွေ စီးနင်း တိုက်ခိုက်ခဲ့ ပြီးတဲ့နောက် ဒေသတွင်းမှာ အခြေ အနေတွေ ပြောင်းလဲခဲ့ ပြီးနောက်မှာ အခုလို အစ္စရေးက ဆုံးဖြတ်ခဲ့ တာလည်း ဖြစ်ပါတယ်။

ပါလက်စတိုင်း စစ်အုပ်စု ဖြစ်တဲ့ ဟားမတ်စ် က ဂါဇာကို ထိန်းချုပ်ပြီး နောက် ပိုင်းမှာ အစ္စရေးတို့က ဂါဇာကို ပိတ်ဆို့ ထားတာ ဖြစ်ပါ တယ်။ ဂါဇာမှာ အကူ အညီ ပေးနေတဲ့ ကုလ သမဂ္ဂ အေဂျင်စီ အကြီး အကဲ ဂျွန် ဂျင်း ကတော့ အစ္စရေး တို့ အခုလို ပိတ်ဆို့ ထားတာ ဟာ လူသား မဆန် သလို တရားမဝင် ဘူးလို့ ပြော လိုက်ပြီး အစ္စရေး တို့ရဲ့ ထိန်းချုပ်မှု လျှော့ပေါ့ ပေးမယ် ဆိုတဲ့ အပြော ညီမညီ စောင့်ကြည့် ရမှာပဲလို့ ဆိုပါတယ်။
အစ္စရေး အကဲခတ် များကလဲ ဟားမတ်စ် တို့အပေါ် စီးပွားရေး ပိတ်ဆို့မှု တွေဟာ မအောင်မြင် ဘူးလို့ မြင်ကြပြီး ပိတ်ဆို့တဲ့ ရည်ရွယ် ချက်ဟာ ဂါဇာကို လက်နက် မှောင်ခို မသွင်း နိုင်အောင် တားဆီး ဖို့သာ ဖြစ်သင့် တယ်လို့ ယူဆ ကြပါတယ်။
အကူအညီ ပေးသူတွကို အစ္စရေးတို့ရဲ့ တိုက်ခိုက် မှုကြောင့် ငြိမ်းချမ်းရေး အလား အလာ ကို ပျက်စီးစေ ခဲ့တယ် ဆိုတဲ့ ဆီးရီးယား သမ္မတ ဘရှား အယ်လ် အာဆတ် ရဲ့ မှတ်ချက်ဟာ ဖြစ်နိုင် စရာရှိ တယ်လို့ ဘီဘီစီ သတင်းထောက် Jonathan Marcus ကလည်း သုံးသပ် ပါတယ်။
နောက် ပဋိပက္ခ ဖြစ်လာ နိုင်စရာ ရှိတာက အစ္စရေး မြောက်ပိုင်း လက်ဘနွန်နဲ့ နယ်စပ်မှာ ဖြစ်ပြီး အစ္စရေးနဲ့ ဟက်စ ဘိုလာတို့ ပြန်တိုက် လာနိုင် တယ် လို့လည်း ဆိုပါတယ်။
















