ဂျာမနီရှုံးပြီး အမေရိကန်လည်း အခြေမလှ
ဂျာမနီ ၀ ၁ ဆားဘီးယား

အုပ်စု ဃ မှာ ဆားဘီးယားက တယောက် အထုတ်ခံခဲ့ရတဲ့ ဂျာမနီကို တဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ဘယ်အသင်း အုပ်စု ကျွတ်မလဲ မသေချာတဲ့ အနေအထားကို ရောက်သွားပါတယ်။
အုပ်စု ပထမပွဲမှာ သြစတြေးလျကို ဂိုးပြတ်နဲ့ နိုင်တဲ့အတွက် ဆားဘီးယားကိုလည်း အလွယ်တကူပဲ နိုင်မယ်လို့ ဂျာမန် ပရိသတ်က မျှော်လင့်ထားပါတယ်။
ဒါပေမယ့် နောက်တန်း တောင့်တဲ့ ဆားဘီးယား အသင်းကို သြစတြေးလျ ပုံစံနဲ့ သွားကစားရာမှာ ဂျာမန် အသင်း မှန်းထား သလောက် မဖောက်နိုင်ခဲ့ပါဘူး။
ပွဲစပြီး သိပ်မကြာခင်မှာဘဲ အားထားရတဲ့ ဂျာမန် တိုက်စစ်မှုး ကလိုစာ နှစ်ဝါနဲ့ အထုတ်ခံရပါတယ်။
တယောက် အသာ ရထားတာကို ဆားဘီးယားက ၃၈ မိနစ်မှာ ကောင်းကောင်း အသုံးချ နိုင်ခဲ့ပါတယ်။
ကရားစစ်(ချ) ညာတောင်ပံကနေ ထောင်ပေးတဲ့ ဘောလုံးကို ဘယ်အစွန်လူ ချစ်ဂစ်(ချ) ဂိုးရှေ့ ခေါင်းတိုက် ချပေးရာမှာ လီဗာပူးမှာ ကစားနေတဲ့ ယာဗာနိုးဗစ်(ချ)က အနီးကပ် အပိုင်ကန်သွင်းပြီး ဆားဘီးယား အတွက် တလုံးတည်းသော အနိုင်ဂိုးကို ယူပေးခဲ့ပါတယ်။
လူတယောက် အသာရပေမယ့် ဆားဘီးယားက ဂိုးမပေးရရေးကို ဦးစားပေးပုံရပြီး နောက်ပိုင်းကို ဆင်းခံ ကစားပါတယ်။
ဒုတိယပိုင်းမှာ ဗစ်ဒစ်(ချ) ဂိုးစည်းထဲ ဘောလုံးကို လက်နဲ့ လှမ်းဖမ်းတဲ့အတွက် အဝါကဒ်နဲ့ ပယ်နယ်တီ ပေးလိုက်ပါတယ်။
ဒါပေမယ့် ပိုဒေါစကီးရဲ့ ပယ်နယ်တီကို ဆားဘီးယာ ဂိုးသမား ကာကွယ်နိုင်ပြီး တဂိုးဂိုးမရှိနဲ့ ထိုက်ထိုက်တန်တန် အနိုင် ရသွားပါတယ်။
အမေရိကန် ၂ ၂ စလိုဗီးနီးယား
အုပ်စု ဂ မှာတော့ အမေရိကန် အသင်းဟာ နှစ်ဂိုး ပေးလိုက်ရပြီး နောက်ပိုင်းမှာ ခေျပဂိုး နှစ်ဂိုးနဲ့ တမှတ် ရအောင် ပြန်ယူခဲ့ပါတယ်။

ပထမပိုင်း ၁၃ မိနစ်နဲ့ ၄၂ မိနစ်မှာ စလိုဗီးနီးယားက နှစ်ဂိုး စရှုးပြီး ရှုံးထွက် အဆင့်တက်ဖို့ သေချာသွားပုံပါ။
ဒါပေမယ့် ဒုတိယပိုင်းမှာ အမေရိကန်က အေးဒူနဲ့ ဖေးဟာဘာ နှစ်ယောက်ကို လူစားလဲတာ အရမ်းကို အလုပ်ဖြစ်သွားပါတယ်။
ဒုတိယပိုင်း သုံးမိနစ် အတွင်းမှာ လင်ဒန် ဒိုနိုဗန်က ညာတောင်ပံကနေ လွတ်လွတ်ကျွတ်ကျွတ် ဆွဲလာပြီး ဝင်မယ်လို့ မထင်ရတဲ့ ဒေါင့် ကျဉ်းကျဉ်းလေးကနေ ဂိုးသမား ခေါင်းပေါ် အားနဲ့ကန်သွင်းပြီး ပထမ ချေပဂိုး ရပါတယ်။
အမေရိကန် အသင်း အားကြိုးမာန်တက် ဖိကစား လာနေရာမှာ ပွဲပြီးဖို့ ရှစ်မိနစ်မှာ ဘရက်ဒလီရဲ့ ပြေးလမ်းကြောင်းကို ဘယ်ဘက်က ခေါင်းနဲ့ချပေးတဲ့ ဘောလုံးကို ဘရက်ဒလီ ဂိုးသမား ခေါင်းပေါ် ကျော်ချပြီး ဒုတိယ ချေပဂိုး ရသွားပါတယ်။
အမေရိကန် အသင်း အနိုင်ဂိုးရဖို့ ကြိုးစားနေရာမှာ ပွဲပြီးခါနီးမှာ ဖရီးကစ်ကနေ စလိုဗီးနီးယား ဂိုးပေါက်ထဲ တလုံး ဝင်အောင် ထည့်နိုင်ပေမယ့် ဒိုင်လူကြီးက ဂိုးမပေးတဲ့ အတွက် အနိုင်ဂိုး မရပါဘူး။
ပြန်ကြည့်တဲ့အခါမှာ ဒီဂိုးဟာ လူမကျွံဘဲ အမေရိကန် အသင်း နှစ်မှတ် နစ်နာသွားပါတယ်။





















