ကမ္ဘာ့ဖလား ဇွန်လ ၂၀ ရက်နေ့ပွဲစဉ်များ

ဘရာဇီး ၃ - ၁ အိုင်ဗရီကို့စ်
ဘရာဇီး စတိုင်အပြည့်နဲ့ နိုင်ပွဲဆက်ခဲ့တယ်ဆိုပေမယ့် အငြင်းပွားစရာ ဒိုင်ရဲ့ အဆုံးအဖြတ်နဲ့ စတားပလေးယား ကာကာ အထုတ်ခံလိုက်ရတာက အပျော်တွေ အပြည့်မရနိုင်စရာ ဖြစ်ခဲ့ပါတယ်။
ကာကာဟာ ၈၅ မိနစ်မှာ ပထမတစ်ဝါ ထိထားပြီး ချိန်မှာပဲ အိုင်ဗရီကို့စ်က ကေးတားနဲ့ တိုက်မိရာက ကေးတားက မျက်နှာကို အုပ်ပြီးလှဲချလိုက်လို့ ဒိုင်က ကာကာ တစ်ခုခုလုပ်လိုက်တယ်လို့ယူဆပြီး နောက်ထပ်တစ်ဝါပြပြီး ထုတ်လိုက်တာပါ။
ရုပ်မြင်သံကြားက ပြန် ပြချက်တွေအရတော့ ကာကာက ဘာမှလုပ်လိုက်တာ မရှိပဲ ကေးတားက ဝင်တိုက်မိပြီး မျက်နှာကိုအုပ်ပြီးလှဲချလိုက်တာ ဖြစ်နေပါတယ်။
ဘောလုံးပွဲကတော့ ဘရာဇီးရဲ့ သေသပ်လှပတဲ့ အပေးအယူ အချိတ်အဆက်တွေနဲ့ အိုင်ဗရီကို့စ်ရဲ့ အပြေးအလွှား အင်နဲ့အားနဲ့ ကစားပုံပြိုင်ကြတာပါပဲ။
ပထမပိုင်း ၂၅ မိနစ်မှာပဲ ဘရာဇီးက ဖေဘီယိုက အဖွင့်ဂိုးသွင်းပါတယ်။ ကာကာက အိုင်ဗရီကို့စ်နောက်တန်းကို လိမ်ခေါက်လာပြီး ချပေးတဲ့ဘောလုံးကို ဖေဘီယိုက ညာတောင်ပံက ဆွဲပြေးပြီး ဂိုးသမားပိတ်ထားတဲ့ ကြားက ထောင့်ထဲကို အပြင်းကန်သွင်းသွားတာပါ။
ဒုတိယဂိုးကိုလဲ ဖေဘီယိုပဲ သွင်းသွားတာပါ။ ဒီဂိုးကတော့ အမြောက်ချပေးတဲ့ ဘောလုံးကို ဖေဘီယို အဖမ်းမှာ လက်နဲ့ထိတယ်ဆိုတာ ပြန်ပြချက်မှာတွေ့ရပါတယ်။ နောက်တစ်ကြိမ် ဘောလုံးကို အမြောက်ဆွဲယူတော့လဲ လက်မောင်းနဲ့ထိပြန်ပါတယ်။ ဒိုင်မတွေ့ပါဘူး၊ အိုင်ဗရီကို့စ်နောက်တန်းလူတွေ ဝိုင်းဖျက်တဲ့ကြားက ဘယ်ခြေနဲ့ အပြင်းကန်သွင်းသွားတာပါ။
မကြာပါဘူး ဘရာဇီးတတိယဂိုးရပြန်ပါတယ်။ ကာကာက ဘယ်တောင်ပံကနေ လိမ်ခေါက်ဆွဲလာပြီး ဂိုးရှေ့ချပေးတဲ့ ဘောလုံးကို နောက်တန်းလူ အီလာနိုက ပြေးဝင်ကန်သွင်းခဲ့တာပါ။
ဒီဂိုးသွင်းပြီး သိတ်မကြာလိုက်ပါဘူး၊ ဖျက်ကြရင်း အီလာနို ခြေထောက်ဒဏ်ရာရသွားလို့ ထမ်းထုတ်သွားရပါတယ်။ အီလာနိုဟာ မြောက်ကိုရီးယားနဲ့ ပထမပွဲတုန်းကလည်း တစ်ဂိုးသွင်းပေးခဲ့သူဖြစ်ပါတယ်။
အိုင်ဗရီကို့စ်အတွက် နှစ်သိမ့်ဂိုး တစ်ဂိုးကိုတော့ ဒီနေ့ပွဲမှာ အချိန်ပြည့်ကစားသွားတဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှုး ဒရော့ဂဘာက ခေါင်းတိုက်သွင်းသွားတာဖြစ်ပါတယ်။
နှစ်ပွဲနိုင်ထားပြီမို့ နောက်ဆုံးပွဲ ပေါ်တူဂီနဲ့ ကစားဖို့ ကျန်သေးပေမယ့် ဘရာဇီး ဒုတိယအဆင့်တက်ဖို့ သေချာသွားပါပြီ။
အီတလီ ၁ - ၁ နယူးဇီလန်

လက်ရှိချန်ပီယံ အီတလီ နိုင်ပွဲ မရနိုင်သေးပဲ ဖြစ်နေပါတယ်။ ပထမပွဲမှာ ပါရာဂွေးနဲ့ တစ်ဂိုးစီ သရေကျထားသလို၊ အခုပွဲမှာလည်း အနိုင်ဂိုး မသွင်းနိုင်ခဲ့ပါဘူး။
တကယ်ဆို နယူးဇီလန်ကတောင် အရင်ဂိုးစသွင်းသွားတာပါ။ ၇ မိနစ်မှာ နယူးဇီလန်က ရတဲ့ ပစ်ဒဏ်ဘော ဂိုးဧရိယာထဲအကျ ရှမဲ့က ဝင်ပိတ်ပြီး ဂိုးသွင်းသွားတာပါ။
၂၉ မိနစ်မှာ အီတလီချပဂိုး ရပါတယ်။ ပင်နယ်တီကနေရတာပါ၊ ပင်နယ်တီဧရိယာထဲမှာ ယှဉ်လုရင်း တော်မီစမစ်က ရော့စီကို လှဲချတယ်ဆိုပြီး ပေးခံရတာပါ။ အီယာကွင်တာက ကန်သွင်းပါတယ်။
ဒုတိယပိုင်းမှာ အီတလီက အနိုင်ဂိုးရအောင် တိုက်စစ်မှုးတွေ ထဲ့ပြီး ဖွင့်ကစားပေမယ့် ဂိုးမသွင်းနိုင်ပါဘူး။
နယူးဇီလန်ကတောင် ပွဲပြီးကာနီးမှာ ကန်သွင်းတဲ့ ဂိုးကပ်လွဲသွားလို့ အီတလီ သက်သာ သွားတာဖြစ်ပါတယ်။
ခုဆို အီတလီရော နယူးဇီလန်ပါ ၂ ပွဲစီ သရေကျထားလို့ ၂ မှတ်စီရနေပါတယ်။
ပါရာဂွေး ၂ - ၀ ဆလိုဗက်ကီးယား

ပါရာဂွေး ထိုက်ထိုက်တန်တန် အနိုင်ရတာပါ။
ဆလိုဗက်ကီးယား တစ်ခါတစ်ခါလောက်မှပဲ ပြန်ပြီး တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။
ဂိုးတွေကို ပထမပိုင်း ၂၇ မိနစ်မှာ ဗဲရာ နဲ့ ၈၆ မိနစ်မှာ ရစ်ဗာရော့စ်တို့က သွင်းခဲ့တာပါ။
ခုဆို အုပ်စု (F) မှာ ပါရာဂွေးက တစ်ပွဲနိုင်တစ်ပွဲသရေ ၄ မှတ်နဲ့ ပထမ၊
အီတလီ နဲ့ နယူးဇီလန်က ၂ ပွဲစီ သရေကျထားလို့ ၂ မှတ်စီ၊
ဆလိုဗက်ကီးယားကတော့ တစ်ပွဲ သရေ တစ်ပွဲရှုံးနဲ့ ၁ မှတ်ပဲ ရထားပါတယ်။




















