ဘရာဇီး နဲ့ နယ်သာလန် ကွာတားမှာ တွေ့မည်

ဘရာဇီး ၃ - ၀ ချီလီ
ဘရာဇီး ခြေစွမ်းပြပြီး အနိုင်ယူသွားတဲ့ ပွဲပါ။ ချီလီဟာ တိုက်စစ်အား ကောင်းပြီး ဘောလုံးသမားတွေကလဲ တစ်ဦးချင်းစီ အလိမ်အခေါက် အထိုးအဖောက် ကျွမ်းကျင်ပါတယ်။
ဒီလို အသင်းကို ဘရာဇီးက သက်သက်သာသာ ဂိုးပြတ်နဲ့ အနိုင်ယူသွားတာပါ။
ဘရာဇီးအသင်းရဲ့ အားကောင်းကွက်ကို ပြောရင် တစ်သင်းလုံးလို့ပဲ ပြောရမှာပါ။ ဘရာဇီးမှာ တစ်ဦးချင်းစီ ထူးချွန်လှတဲ့ ဘောလုံးသမားတွေ များသလို ဒီဘောလုံးသမားတွေက အသင်းလိုက် ကစားကြပါတယ်။ ဥပမာ နောက်တန်းကို ဘောလုံးရောက်လာရင် အလယ်တန်းလူတွေကပါ ဆင်းပြီး ခုခံကြ ဖျက်ထုတ်ကြနဲ့ အင်မတန်ညီသလို နောက်တန်းလူတွေကလဲ ရှေ့ကိုတက်ပြီး တိုက်စစ်ဆင်နိုင်ကြသူတွေပါ။
ဘရာဇီးရတဲ့ ပထမဂိုးဆို နောက်ခံအလယ်လူ ဂျူဝမ်က သွင်းတာပါ၊ ကော်နာဘောလုံးကို အဲလဗက်စ်က ကန်တင်းပေးတာကို ဂျူဝမ်က အမြင့်ဆုံးခုန်ပြီး ခေါင်းတိုက်သွင်းခဲ့တာပါ။
ဒုတိယဂိုးကတော့ ဘရာဇီးရဲ့ တိုက်စစ်မှုးသုံးယောက် အကွက်ဆင်ပြီး သွင်းသွားတဲ့ လှလှပပ ဂိုးတစ်ဂိုးပါ။ ကွင်းအလယ်လောက်ကနေ ရော်ဘင်ညိုကဆွဲလာပြီး ဘယ်ဖက်ကနေ ကာကာဆီ ထောင့်ဖြတ်ချပေးတာကို ကာကာက အသာလေးပဲ ရှေ့မှာရှိနေတဲ့ ဖေဘီယိုကို ပို့ပေးလိုက်ပါတယ်။ လူကျွံဘောဖမ်းနေတဲ့ ချီလီနောက်ခံလူတွေကြားက ဖေဘီယိုကဆွဲပြေး ထွက်လာတဲ့ ဂိုးသမားကို လိမ်ခေါက်ပြီး ကန်သွင်းယူသွားတာပါ။
နောက်ဆုံးဂိုးကတော့ ဘရာဇီးရဲ့ အထိရောက်ဆုံး ကောင်တာအတက် ကိုပြလိုက်တဲ့ ဂိုးပါ။ ဘရာဇီး ကွင်းလယ်ကနေ ရာမီရက်က တစ်ယောက်ထဲ ဆွဲပြေးပါတယ်။ ချီလီက အယ်တန်းလူတွေ ဝိုင်းဖျက်တယ်၊ မရဘူး လွတ်သွားတယ်၊ နောက်ခံလူတွေ ဝိုင်းဖျက်တယ်၊ ရာမီရက်က လိမ်ပြီး ဘယ်ဖက်က ယှဉ်ပြေးလာတဲ့ ရော်ဘင်ညိုကို ချပေးလိုက်တာကို ရော်ဘင်ညိုက ပြေးပြေးကန်ကန် ကန်သွင်းသွားတာပါ။ လှလှပပ ဂိုးတစ်ဂိုးပါ။
ချီလီဖက်က ပွဲပြီးကာနီးမှာ ဂိုးသွင်းခွင့်တွေရခဲ့သေးပေမဲ့ မသွင်းနိုင်ခဲ့ပါဘူး။
ဘရာဇီး ချန်ပီယံခြေစွမ်းပြသွားတယ်၊ နောက်တန်းလုံလှတဲ့၊ အားလုံးတိုက်စစ်ဆင် ဂိုးသွင်းနိုင်တဲ့ ဘရာဇီးကို တခြားအသင်းတွေ တော်တော် လိုက်ကစားယူရလိမ့်မယ်လို့ ဘောလုံးသုံးသပ်သူတွေက ဟောကိန်းထုတ်နေကြပါပြီ။
ပထမဆုံး ဘရာဇီးကို ကျော်ဖြတ်နိုင်ဖို့ ကျိုးစားရမယ့် အသင်းကတော့ နယ်သာလန်ပါ။ ဒီကနေ့ပွဲမှာပဲ ဆလိုဗက်ကီးယားကို နိုင်ခဲ့တဲ့ နယ်သာလန် ဘရာဇီးနဲ့ ကွာတားဖိုင်နယ်ပွဲကို လာမယ့် စနေနေ့ ဇွန်လ ၃ ရက်နေ့ညမှာ ကစားရမှာ ဖြစ်ပါတယ်။
နယ်သာလန် ၂ ဆလိုဗေးကီးယား ၁

အုပ်စု E အုပ်စုဗိုလ် နယ်သာလန် က အုပ်စု F အုပ်စု ဒုတိယ ဆလိုဗေးကီးယား ကို ၂ ဂိုး ၁ဂိုးနဲ့နိုင်ပြီး ကွာတားဖိုင်နယ် တက်သွားပါပြီ။
နယ်သာလန်အတွက် ပထမဆုံး အနိုင်ဂိုးကို ၁၈ မိနစ်မှာ ကွင်းတဝက်လောက်က ရှနိုက်ဒါကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ရှေ့တန်းတိုက်စစ်မှူး အာရမ် ရော်ဘင် တဦးတည်း သယ်ယူပြီး ၂၅ ကိုက်လောက် အကွာက ကန်သွင်းခဲ့တာပါ။
ဒုတိယအနိုင်ဂိုးကိုတော့ ကတ်ပေးတဲ့ဘောလုံးကို ရှနိုက်ဒါက ဒုတိယပိုင်း ၈၄ မိနစ်မှာ သွင်းခဲ့တာဖြစ်ပါတယ်။
ရော်ဘင်ရော ရှနိုက်ဒါပါ ဂိုးသွင်းခွင့် အတော်များများရခဲ့ပေမဲ့ ဆလိုဗေးကီးယား ဂိုးသမား လူကပ်စ်က ကယ်နိုင်ခဲ့ပါတယ်။
ပွဲပြီးခါနီး မိနစ်ပိုင်းမှာ နယ်သာလန်ဂိုးသမား အဝါကဒ်ပြခံရပြီး ပင်နယ်တီပေးရပါတယ်။
ဆလိုဗေးကီးယား အတွက် ပင်နယ်တီကို ဗီတက်ကသွင်းယူခဲ့ပေမဲ့ ပြန်ချေပဖို့ အချိန်မရှိတော့တာမို့ နောက်ဆုံးမှာ ၂ ဂိုး ၁ဂိုးနဲ့ ရှုံးပြီး ဆလိုဗေးကီးယား ပြိုင်ပွဲက ထွက်သွားရပါပြီ။
နယ်သာလန်ဟာ ဘရာဇီးနဲ့ ချီလီပွဲက နိုင်တဲ့အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။




















