ရုရှားသူလျှို ဆိုသူ တဦး ပေျာက်နေ

အမေရိကန်နိုင်ငံထဲက သတင်း အချက်အလက် တွေ ရယူဖို့ ကြိုးစားခဲ့တယ် ဆိုပြီး အမေရိကန် အစိုးရက စွပ်စွဲထားတဲ့ ရုရှား သူလျှို ၁၁ဦးထဲက တဦးဟာ ဆိုက်ပရပ်နိုင်ငံမှာ အာမခံနဲ့ လွှတ်ပေးလိုက် အပြီးမှာ ပျောက်ချင်းမလှ ပျောက်နေတယ် လို့ ဆိုက်ပရပ်စ် ရဲတွေက ပြောပါတယ်။
ရဲတွေရဲ့ အဆိုအရ အဲဒီလူဟာ ကနေဒါနိုင်ငံသား Christopher Robert Metsos လို့ သိရပြီး အာမခံ စည်းမျဉ်းတွေအရ မနေ့က ရဲစခန်းကို လာရမှာ ဖြစ်ပေမဲ့ ပေါ်မလာဘူးလို့ ဆိုပါတယ်။
သူ့ကို ဘူဒါပက်မြို့ကိုသွားမဲ့ လေယာဉ်ပေါ် အတက်မှာ အင်္ဂါနေ့တုန်းက ဖမ်းဆီးမိခဲ့တာပါ။
သူ့ကို အမေရိကန်နိင်ငံဆီ လွှဲပြောင်းပေးဖို့ လုပ်နေတုန်း ဒေါ်လာ ၃သောင်း ၂ထောင် ၅ရာတန် အာမခံနဲ့ ဆိုက်ပရပ်စ် တရားရုံးက ပြန်လွှတ်ပေးခဲ့တာပါ။
Metsos ဟာ ရုရှားသူလျှိုလို့ ဆိုတဲ့ အုပ်စုထဲက နောက်ဆုံး ဖမ်းမိသူ ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု အပြင်ဖက်မှာ ဖမ်းဆီးမိတဲ့ တဦးတည်းသော သူ ဖြစ်ပါတယ်။
သူဟာ ဆိုက်ပရပ်စ် နိုင်ငံကို ဇွန်လ ၁၇ ရက်နေ့က ရောက်လာတာ ဖြစ်ပါတယ်။
Metsos ဟာ နယူးယောက်မြို့ ရထားဘူတာရုံတခုမှာ ရုရှားအစိုးရ အရာရှိတဦးနားက ဖြတ်လျှောက်ပြီး ငွေတွေပါတဲ့ အိတ်တအိတ်ကို ယူခဲ့တယ်၊ အဲဒီ ငွေတွေကို မြေကြီးထဲ မြှုပ်ထားခဲ့ပြီး တခြား သူလျှို အဖွဲ့ဝင်တွေက တူးယူသွားခဲ့တယ်ဆိုပြီး စွပ်စွဲ ခံထားရတာပါ။
















