အမေရိကန် လူဝင်မှု တင်းကျပ်ဖို့ အိုဘားမား ပြောကြား

အမေရိကန် သမ္မတ အိုဘားမား လူဝင်မှု ကိစ္စ ဆိုင်ရာ ပြောကြား
ဓာတ်ပုံ ပုံစာ, အမေရိကန် သမ္မတ အိုဘားမား လူဝင်မှု ကိစ္စ ဆိုင်ရာ ပြောကြား
ရေးသားခဲ့သည်။

အမေရိကန် ပြည်ထောင်စုရဲ့ လူဝင်မှု ကြီးကြပ်ရေး စံနစ်ကို အကုန်လုံး ပြုပြင် ပြောင်းလဲပစ်ဖို့ လိုပြီလို့ ပြီးခဲ့တဲ့ နှစ်က သမ္မတ ဖြစ်လာခဲ့ပြီးတဲ့နောက် ပထမဆုံးအကြိမ် လူဝင်မှု ကြီးကြပ်ရေးနဲ့ ပတ်သက်လို့ သမ္မတ အိုဘာမားက ပြောကြား လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ တရားမဝင် နေထိုင်နေတဲ့သူ ခန့်မှန်းချေ ၁၁ သန်းရှိပါတယ်။

အဲဒီထဲက တဝက်ကျော်ဟာ မက္ကဆီကို နိုင်ငံက ခိုးဝင်လာသူတွေဖြစ်ပြီး သူတို့ ဘယ်တော့ ပြန်အပို့ခံ ရမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ အမြဲ နေနေ ကြရတာ ဖြစ်ပါတယ်။

သူတို့တင် မကပါဘူး၊ မက္ကဆီကို နိုင်ငံမှာ ကျန်ရစ်တဲ့ မိသားစု ဆွေမျိုးသားချင်း တွေလည်း ရင်တထိတ်ထိတ်နဲ့ သူတို့အတွက် ပူပန် နေကြရတာပါတယ်။

ဒီတော့ သူတို့လဲ လူဝင်မှုနဲ့ပတ်သက်တဲ့သတင်းဆိုရင် အမြဲ နားစွင့်နေကြတာ အဆန်းမဟုတ် ပါဘူး။

အခုလည်း သမ္မတ အိုဘားမားရဲ့ လူဝင်မှုနဲ့ ပတ်သက်တဲ့ ပြောကြားချက်ကို မက္ကဆီကို နိုင်ငံသား အတော်များများက သတိထား စောင့်ကြည့် နေကြပါတယ်။

တရားမဝင် ဝင်ရောက် နေထိုင်သူတွေကို ပြန်ပို့ဖို့ ဆိုကလည်း မဖြစ်နိုင်သလို ဒီလို ပြန်ပို့ရင် နိုင်ငံမှာ အခြေကျ နေပြီးသား လူအသိုင်းအဝိုင်းကို ဖြိုဖျက်လိုက်သလို ဖြစ်သွားနိုင်တယ်လို့ အိုဘားမားက ပြောပါတယ်။

တရားမဝင် ဝင်လာသူတွေ အနေနဲ့ သူတို့ ဥပဒေ ချိုးဖေါက်တယ် ဆိုတာကို ဝန်ခံပြီး နိုင်ငံသားအဖြစ်ကို ရအောင် ကြိုးစားသင့်တယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံးဆိုင်ရာ ဥပဒေကို တကယ် အလုပ်ဖြစ်အောင် လုပ်ဖို့ လိုတယ်၊ ဥပဒေ စိုးမိုးတဲ့နိုင်ငံ၊ လူဝင်မှု ကြီးကြပ်ရေးကို အလေးထားတဲ့ နိုင်ငံ စတာတွေကို ထင်ဟပ် စေမဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်၊ ပြသနာရှိနေတာကို ငြင်းခုံနေမဲ့အစား ရိုးရိုးသားသား ဖေါ်ထုတ် ပြောဆို ဆွေးနွေးဖို့ လိုတယ်လို့ သမ္မတ အိုဘားမားက ပြောသွားခဲ့ ပါတယ်။