တူရကီ အစ္စရေး သံရေး တင်းမာ
ပြီးခဲ့တဲ့ မေလက ဂါဇာ ကမ်းမြောင်ကို သွားတဲ့ ကယ်ဆယ်ရေး သင်္ဘောတစ်စီးကို စီးနင်း တိုက်ခိုက် ခဲ့မှု အတွက် အစ္စရေး နိုင်ငံက မတောင်းပန်ဘူး ဆိုရင် သံရေး တမန်ရေး ဆက်ဆံမှုတွေ အားလုံးကို ဖြတ်တောက် ပစ်မယ်လို့ တူရကီနိုင်ငံက သတိပေး လိုက်ပါတယ်။

မွတ်ဆလင် နိုင်ငံတွေထဲမှာ အစ္စရေးနဲ့ ရှားရှား ပါးပါး မဟာမိတ် ဖြစ်နေခဲ့တဲ့ တူရကီ က အခုတော့ အစ္စရေး နဲ့ ဆက်ဆံရေးကို တင်းတင်း မာမာ ရပ်တည် ပြလာတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ အပတ်ကတော့ ဆွစ်ဇာလန်မှာ တူရကီ နိုင်ငံခြားရေးဝန်ကြီး အာမက် ဒါဗူတော့ဂလို နဲ့ အစ္စရေး ကုန်သွယ်ရေးဝန်ကြီး ဘင်ဂျမင် ဘင် အယ်လီ ယေဇာတို့ တွေ့ဆုံ ခဲ့ကြ ပါတယ်။ ဒါက နှစ် နိုင်ငံ ဆက်ဆံရေး တွေကို ပြန်ကောင်းအောင် ကြိုးစား ကြတာလို့ မြင်ခဲ့ရပါတယ်။ အဲဒီမှာ သူတို့ ဘာတွေ သဘောတူ နိုင်ခဲ့ကြသလဲ ဆိုတာတော့ မသိရပါဘူး၊
အခုတော့ တူရကီ ကယ်ဆယ်ရေး လုပ်သား ကိုးယောက် သတ်ဖြတ်ခံခဲ့ရတဲ့ကိစ္စ နိုင်ငံ တကာ စုံစမ်း စစ်ဆေးမှုရဲ့ ရလာဒ်ကို အစ္စရေး ဘက်က လက်ခံမယ် ဆိုရင် နှစ်နိုင်ငံ ဆက်ဆံရေး ဆိုးဝါးလာမှာကို ရှောင်ရှားနိုင် မယ်လို့ တူရကီ နိုင်ငံခြားရေး ဝန်ကြီး အာမက် ဒါဗူ တော့ဂလို က ပြောပါတယ်။
အစ္စရေး နိုင်ငံခြားရေးဌာန အရာရှိတစ်ယောက် ကတော့ တောင်းပန်ခိုင်းတယ် ဆိုတာမျိုးကို ခြိမ်းခြောက် အကြပ်ကိုင်ပြီး လုပ်ခိုင်းလို့ မရဘူးလို့ ဆိုပါတယ်။
လောလောဆယ်မှာ တူရကီက အစ္စရေး စစ်လေယာဉ်တွေ သူ့ နိုင်ငံပေါ်လုံးဝ ဖြတ်ပျံသန်းခွင့် မပြု တော့ဘူးလို့လည်း တားမြစ် ထားပါတယ်။ အရင်ကတော့ ကိစ္စ တစ်ခုချင်းစီ အလိုက် ခွင့်ပြု တားမြစ် တာတွေ လုပ်ခဲ့တာပါ။
တူရကီဟာ အစ္စရေးနိုင်ငံကို ၁၉၄၉ ခုနှစ်ကတည်းက အသိအမှတ်ပြုထားတဲ့ နိုင်ငံ တစ်ခု ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးတွေ ကလည်း အစဉ်အလာ အရ ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ တူရကီမှာ လက်ရှိ အစ္စလာမ်ဘာသာရေး အခြေခံ အေကေပါတီ အာဏာရလာကတည်းက ဆက်ဆံရေးတွေ အေးစက် လာနေခဲ့တာဖြစ်ပါတယ်။
















