ကုလရုံး အာဖဂန်မှာ အတိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, BBC World Service
အာဖဂန် နစ္စတန်နိုင်ငံ မြောက်ပိုင်းက မာဇာအီရှရစ်မြို့က ကုလသမဂ္ဂရုံးတရုံးကို သောကြာနေ့က ဆန္ဒပြသမားတွေ ဝင်ပြီးတိုက်ခိုက်လို့ အနဲဆုံး လူ ၁၂ ဦး သေဆုံးသွားပါတယ်။
သောကြာနေ့ ဝတ်ပြုပွဲတွေအပြီး ထွက်လာတဲ့ လူအုပ်ကြီးက ကုလသမဂ္ဂရုံးကို ဝင်စီးတာကို အာဖဂန် ရဲတွေက လေထဲသေနတ်ဖောက်ပြီး လူစုခွဲဖို့ ကြိုးစားပေမယ့် မရခဲ့ပါဘူး။ လူအုပ်ကြီးက ရုံးက လုံခြုံရေးတွေကို သတ်ပစ်လိုက်ကြပြီး သူတို့ရဲ့လက်နက်တွေကိုပါ ယူသွားကြပါတယ်။ သတ်ခံရသူ ၂ ဦးကတော့ ခေါင်းဖြတ်ခံခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။ ပြီးတော့ ရုံးကိုလဲ မီးရှို့လိုက်ကြပါတယ်။ အသတ်ခံရသူတွေထဲမှာ နီပေါလူမျိုး လုံခြုံရေးဝန်ထမ်း လေးဦးလဲ ပါတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC World Service
ဆန္ဒပြသူတွေ ဒေါသထွက်နေကြတာက ပြီးခဲ့တဲ့လ က အမေရိကန်မှာ ခရစ်ယာန်တရားဟောဆရာ တယောက်က ကုရ်အာန်ကျမ်းကို မီးရှို့ခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့်ပါ၊ မနေ့က ပလီမှာ ဝတ်ပြုတုန်းလဲ မူဆလင် မူးလား တရားဟောဆရာ တယောက်က လူထုကို ဆန္ဒပြဖို့ လှုံ့ဆော်ခဲ့ပါတယ်။
လူအုပ်ကြီးက ကုရ်အာန်ကို မီးရှို့တဲ့ ခရစ်ယာန် ဘုန်းကြီးကို အရေးမယူရင် အမေရိကန် နိုင်ငံကို ဘာသာရေးစစ်ပွဲ ဆင်နွှဲသွားသင့်တယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။
အခုလို ကုလသမဂ္ဂရုံး တိုက်ခိုက်ခံရ တာကို အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ အမေရိကန် သမ္မတ ဘာရက်အိုဘားမားတို့က ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချ လိုက်ပါတယ်။
တကယ်တော့ မာဇာအီ ရှရစ် မြို့ဟာ အာဖဂန် တနိုင်ငံလုံးမှာ ဘေးအန္တရာယ် အနဲဆုံးမြို့တမြို့ပါ။ ဒါကြောင့်ပဲ လာမယ့် နွေကျရင် နိုင်ငံတကာ တပ်တွေဆီက အာဖဂန်တပ်တွေက လုံခြုံရေးတာဝန်ကို ပြန်လွှဲယူမယ့် ပထမဆုံး မြို့တွေထဲက တမြို့ဖြစ်နေတာပါ။ အခုလို အကြမ်းဖက်မှုတွေ ဖြစ်လာတော့ လုံခြုံရေးအခြေအနေကို ပြန်စဉ်းစားရ မယ့်ပုံ ရှိနေပါတယ်။

















