သောကြာနေ့ မနက်ပိုင်းအစီအစဉ်
အီဂျစ် အရေးပေါ် ဥပဒေ ချုပ်ငြိမ်း

ဓာတ်ပုံ ရင်းမြစ်, Reuters
အီဂျစ် လုံခြုံရေး တပ်တွေကို နှစ်ပေါင်း ၃ဝ ကြာအောင် သံသယရှိသူ တွေကို ဖမ်းဆီး ချုပ်နှောင်ခွင့်၊ အထူး တရားရုံး တွေမှာ စွဲဆိုခွင့် အကန့်အသတ်မရှိ ပေးခဲ့တဲ့ အရေးပေါ် ဥပဒေ ပျက်ပြယ် သွားပီ ဖြစ်ပါတယ်။
သမ္မတ မူဘာရက်ကို မနှစ်က ဖြုတ်ချခဲ့ ပြီးနောက် အီဂျစ် စစ်ခေါင်းဆောင် တွေကဒီဥပဒေကို ထပ်ပီး သက်တမ်း မတိုးလိုကြောင်း ပြောကြား ခဲ့ပီးနောက် ကြာသပတေးနေ့ သန်းခေါင်ယံမှာ ဒီဥပဒေ ချုပ်ငြိမ်း ခဲ့တာ ဖြစ်ပါတယ်။
ဒီဥပဒေ ဖယ်ရှားရေးဟာ မူဘာရက် ဆန့်ကျင်တဲ့ အုံကြွမှုကို ခေါင်းဆောင်ခဲ့တဲ့ ဒီမိုကရေစီ လိုလားသူ များရဲ့ အဓိက တောင်းဆိုချက် တရပ်လဲ ဖြစ်ပါတယ်။
ဆီးရီးယား ရေး ရုရှကို ကန် သတိပေး

ဓာတ်ပုံ ရင်းမြစ်, Reuters
ရုရှရဲ့ ဆီးရီးယား မူဝါဒကြောင့် ပြည်တွင်းစစ် ဖြစ်လာနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က သတိပေး ခဲ့ပါတယ်။
သမ္မတ အာဆတ် အစိုးရက ရုရှ တွေစကား နားထောင်ပါ လိမ့်မယ်၊ ဒါကြောင့် ရုရှ အနေနဲ့ မစွက်ဖက်ရေး လမ်းကြောင်းကနေ ပိုပီး တင်းတင်းမာမာ ကိုင်တွယ်ဖို့ မစ္စစ် ကလင်တန်က တိုက်တွန်း ခဲ့ပါတယ်။
ကိုဖီအာနန်ရဲ့ ဆီးရီးယား ငြိမ်းချမ်းရေး မူကို ရုရှက ထောက်ခံပါတယ်။
ဒါပေမယ့် သမ္မတ အာဆတ် နှုတ်ထွက် ပေးဖို့လို လုံခြုံရေး ကောင်စီရဲ့ ဆီးရီးယား အစိုးရကို ရှုတ်ချတဲ့ ဆုံးဖြတ်ချက် ၂ ခုကို ဗီတို အာဏာသုံးပီး ရုရှက ပယ်ချ ခဲ့ပါတယ်။
တချိန်ထဲမှာ ဆီးရီးယား အစိုးရ ဘက်က ဟိုလာ လူသတ်ပွဲ စုံစမ်းရေး ကော်မရှင်က ဒီ လူသတ်မှု တွေအတွက် သူပုန်ဘက်ကို အပြစ်ဖို့ပီး နိုင်ငံတကာက ဝင်ပါလာအောင် ကြိုးပမ်း နေပါတယ်။
သေဆုံးရသူ တွေဟာ အတိုက်အခံ ဆန္ဒပြပွဲတွေ ထဲ မပါတဲ့ လူအေးတွေနဲ့ မိသားစုတွေ အစိုးရ ကို ဆန့်ကျင် တိုက်ခိုက် ရာမှာ မပါချင်လို့ ငြင်းဆန် မိသူတွေသာ ဖြစ်တယ်လို့ ကော်မရှင် အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာဆင် ဂျမား ဆူလေမန်က ဆိုပါတယ်။
ကုလ သမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် ဆူဆန် ရိုက်စ်ကတော့ လူတရာကျော် သေဆုံးခဲ့ရ မှုကြီးရဲ့ အစိုးရ ဘက်က တွေ့ရှိချက်ကို ဗြောင်လိမ်တာ သက်သက်လို့ ဆိုပါတယ်။
အရင် သီတင်းပတ် ကုန်က ရုရှ သင်္ဘော တစင်းနဲ့ ဆီးရီးယားကို လက်နက် တင်ပို့ခဲ့တယ် ဆိုတဲ့ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ အနောက်တိုင်း သံတမန်တွေရဲ့ အစီရင် ခံစာတွေကို အခြေခံပီး ရုရှကိုလဲ သူက ဝေဖန် ခဲ့ပါတယ်။
တခြား စိတ်ဝင်စားဖွယ် သတင်းများ
- ယူရိုဇုန် ဘဏ္ဍာရေး စနစ်ထဲ ပိုပါလာဖို့ အရေး အိုင်ယာလန်မှာ မဲပေး
- ဒုက္ခသည် ၄၃ သန်း အကူအညီ မဲ့နေ UNHCR ဆို
- မွန်ပြည်သစ် ပါတီ မှတ်ပုံတင်ခွင့်ကျ
အမေရိကက ကချင် လက်ဝှေ့ကျော် အကြောင်း မိုဘီဂျီနို အစီအစဉ်ကို ပြန်လည် နားဆင် နိုင်သလို
ဘီဘီစီရဲ့အစီအစဉ်တွေကို နားဆင်ပြီး အကြံပြုချက်တွေ ပေးပို့ကြဖို့ ဖိတ်ခေါ်ပါတယ်။