ဂျာမနီနိုင်ပြီး အင်္ဂလန်နဲ့ တွေ့မည်

Ozil being mobbed
ဓာတ်ပုံ ပုံစာ, အနိုင်ဂိုး သွင်းခဲ့တဲ့ အိုဇီးကို ဝိုင်းအုံ ထောပနာပေးနေ
ရေးသားခဲ့သည်။

ဂါနာက တမှတ်ရတာနဲ့ ရှုံးထွက် အဆင့် တက်နိုင်မှာ ဖြစ်ပေမယ့် ဂျာမနီကတော့ ဆားဘီးယားကို ရှုံးထားတဲ့ အရှုံးကနေ သိက္ခာ ပြန်ဆယ်ဖို့ အနိုင် ကစားမယ် ဆိုတဲ့ ပုံစံမျိုးနဲ့ ထွက်လာခဲ့ပါတယ်။

ဘောလုံးဟာ ဂိုးစည်းနှစ်ခုကြားမှာ အလျင်အမြန် ပြေးနေပြီး ဒိုင်ခရာ စမှုတ်ကတည်းက ဂျာမနီက ဒလကြမ်း တိုက်စစ်ဆင် ကစားနေပါတယ်။

ဂါနာက ဂျာမန် တိုက်စစ်ကို ကြံကြံခံနိုင်ပြီး နောက်ပိုင်းမှာ သူတို့ ကစားကွက်ကို တဖြည်းဖြည်းချင်း ရအောင် ပြန်ဖော်လာနိုင်ပါတယ်။

ဂျာမနီက ဘောလုံး ပိုင်ဆိုင်မှု ပိုများပေမယ့် ဂါနာက အလစ်မှာ ကောင်တာ ကစားတဲ့နည်းနဲ့ ပွဲကို ထိန်းထားပါတယ်။

ပထမပိုင်း အပြီးမှာ ဂိုးမရှိ သရေကျနေပြီး တဘက်က ပွဲလည်းဂိုးမရှိ သရေ ကျနေတာကြောင့် ဂျာမန် အသင်း အုပ်စု ကျွတ်ဖို့ အာမခံချက် မရသေးဘဲ ရှိနေပါတယ်။

မိနစ် ၆၀ မှာ ဂျာမနီ အသင်းရဲ့ အလယ်တန်းမှာ အားထားရတဲ့ အိုဇီး Ozil ကညာဘက်ကနေ သူ့ဆီ ပို့ပေးတဲ့ ဘောလုံးကို ဂါနာ ဂိုးစည်း အစပ်ကနေ ဂိုးသမား ညာဘက်ဒေါင့်ကို ဘယ်ခြေနဲ့ လှလှပပ ကန်သွင်းပြီး ဂျာမနီ အတွက် တလုံးတည်းသော ဂိုးကို သွင်းယူ ပေးခဲ့ပါတယ်။

တအုပ်စုထဲက နောက်တပွဲမှာ သြစတြေးလျက ဆားဘီးယားကို နှစ်ဂိုးတဂိုးနဲ့ နိုင်ပေမယ့် နှစ်သင်းစလုံး အုပ်စု အဆင့်ကနေ ထွက်သွားရပါတယ်။

ဂျာမနီက အုပ်စုဗိုလ် အဖြစ်နဲ့ အုပ်စု C က ဒုတိယ အင်္ဂလန်နဲ့ ရှုံးထွက်ပွဲ ကစားရမှာ ဖြစ်ပြီး အုပ်စု C မှာဗိုလ်စွဲတဲ့ အမေရိကန်က ဂါနာနဲ့ ကစားမှာ ဖြစ်ပါတယ်။