စာချုပ်သက်တမ်း တိုးမလား ထွက်မလား စဉ်းစားရတော့မယ့် ဒဟေးရား

ဓာတ်ပုံ ရင်းမြစ်, AFP
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စပိန် ဂိုးသမား ဒါးဗစ် ဒဟေးရားဟာ လက်ရှိမှာ အကောင်းဆုံး ပုံစံပျောက်ဆုံးနေပြီး ရုန်းကန်နေရသူပါ။ ပြီးခဲ့တဲ့ ၅နှစ်အတွင်း ပရီးမီးယားလိဂ် အကောင်းဆုံး ဂိုးသမား တစ်ဦးအဖြစ် အမြဲရွေးချယ်ခံရတဲ့ ဒဟေးရားဟာ အမှားများစွာနဲ့ ပရိသတ်ရဲ့ ဖိအားပေးမှုကို ခံနေရသူ ဖြစ်ပါတယ်။
၂၀၁၁ခုနှစ်မှာ လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ်ကနေ ပေါင် ၁၉သန်းနဲ့ ပြောင်းလာခဲ့တဲ့ ဒဟေးရားဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျောက် အကောင်းဆုံး ဂိုးသမား တစ်ဦးအထိ လက်စွမ်းပြခဲ့သူ ဖြစ်ပါတယ်။ ဆာအဲလက်စ်ဖာဂူဆန် အားကိုးရတဲ့ ဒဟေးရားဟာ လက်ရှိမှာတော့ အသင်းနဲ့ စာချုပ်သစ် ကိစ္စ အဆင်မပြေဖြစ်နေသလို အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာ သွားဖွယ် ရှိနေပါတယ်။
အသက် ၂၈နှစ် အရွယ်ရှိတဲ့ ဒဟေးရားဟာ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပေမယ့် ယူနိုက်တက်က သူ့ရဲ့ စာချုပ်ပါ အချက်အလက်အရ တစ်နှစ် သက်တမ်း တိုးထားလို့ ၂၀၂၀ နွေရာသီ အထိ အသင်းမှာ ဆက်ရှိမှာ ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲ တစ်ဦး အပါအဝင်ဖြစ်တဲ့ ဒဟေးရားကို ယူနိုက်တက်က စာချုပ်သက်တမ်းတိုးဖို့ အချိန် ကာလရှည် ကြိုးပမ်းနေတာဖြစ်ပြီး ဒဟေးရားဖက်က မဆုံး ဖြတ်နိုင်ဘဲ ဖြစ်နေတာပါ။ ဆန်းချက်ဇ်ကို အာဆင်နယ်ကနေ တစ်ပတ် ပေါင်၅သိန်း အထိပေးပြီး ခေါ်ယူပြီးနောက်ပိုင်း ဒဟေးရား အပါအဝင် ယူနိုက်တက် စီနီယာ ကစားသမားတွေဟာ လစာတိုးမြှင့်ပေးဖို့ အလိုရှိနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဒီနှစ် ရာသီ အလယ်လောက်မှာ ယူနိုက်တက်က ဒဟေးရားကို တစ်ပတ် ပေါင် ၃သိန်း အထိပေးပြီး ၅နှစ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဖက်က ငြင်းပယ်ခဲ့ပါတယ်။ စာချုပ်သစ် ချုပ်ဆိုဖို့ နှောင့်နှေးနေတဲ့ ဒဟေးရားဟာ ဒီနှစ်ရာသီအတွင်း ပွဲစဉ် အများစုမှာ မဖြစ်သင့်တဲ့ အမှားတွေကို ဆက်တိုက် ကျူးလွန်ခဲ့သလို ချယ်လ်ဆီးနဲ့ပွဲမှာလည်း သူ့ရဲ့ အမှားကြောင့်ပဲ သရေကျခဲ့တာ ဖြစ်ပါတယ်။ စာချုပ်သစ် ကိစ္စကြောင့် ပုံမှန် လက်စွမ်း ပျောက်ဆုံးနေတဲ့ သူ့ကို ယူနိုက်တက်က စိတ်မရှည်တော့တဲ့ အနေအထားကို ရောက်နေပြီလို့ ဗြိတိန် သတင်းစာတွေက ဖော်ပြထားပါတယ်။ The Sun သတင်းစာကတော့ ယူနိုက်တက်ဟာ ဒဟေးရားကို တစ်ပတ် ပေါင် ၃သိန်းခွဲနဲ့ စာချုပ်သစ်ကို ကမ်းလှမ်းလိုက်ပြီး သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက် ချစေချင်နေတာပါ။
သတင်းတွေအရ ရီးယဲယ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ကလည်း ဒဟေးရားကို ခေါ်ယူလိုနေပြီး ယူနိုက်တက်လိုပဲ မြင့်မားတဲ့ လစာငွေတွေနဲ့ ကမ်းလှမ်းထားတာပါတယ်။ ဂိုးသမားအလိုရှိနေတဲ့ ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ယူနိုက်တက်ကို ဆက်သွယ်လားပြီး ဒဟေးရားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ အပြင် သူ့ကို တစ်ပတ် ပေါင် ၃သိန်းခွဲကနေ ၄သိန်းအကျော်အထိ ပေးဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။ ယူနိုက်တက်ဟာ ပီအက်စ်ဂျီရဲ့ ဖိအားပေးလာမှုကြောင့် ဒဟေးရားကို တစ်ပတ် ပေါင် ၃သိန်းခွဲအထိပေးပြီး စာချုပ်သက်တမ်းဖို့ နောက်ဆုံးအကြိမ် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်မြေမှာ ၈နှစ်ကျော်ကြာ ကစားခဲ့ပြီး ပွဲပေါင်း ၃၆၀ကျော် ကစားထားတဲ့ ဒဟေးရား တစ်ယောက် သူ့ရဲ့ အနာဂတ်ဟာ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရခြင်း၊ မရခြင်းကို ကြည့်ပြီး ဆုံးဖြတ်ဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။ နည်းပြ ဆိုးလ်ရှားကတော့ အမှားတွေ ကျူးလွန်းထားပေမယ့် လက်ကျန်ပွဲတွေမှာ ဒဟေးရားကိုသာ ဆက်လက် အသုံးပြုမယ်လို့ ဆိုထားပေမယ့် စပိန်ကို ပြန်ချင်နေတဲ့ ဒဟေးရားတစ်ယောက် ရာသီကုန်မှာ အိုးထရက်ဖို့ဒ်ကွင်းကြီး ကနေ ထွက်ခွာသွားမလား၊ ဆက်ရှိမလားဆိုတာကတော့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဒဟေးရားရဲ့ ၂၀၁၁-၁၉ လိဂ် စွမ်းဆောင်ရည်
ပွဲပေါင်း - ၂၇၃ပွဲ
Clean Sheet - ၁၀ဝပွဲ
ပေးဂိုး - ၂၇၅ဂိုး
Own Goal - ၁ဂိုး
အမှားကျူးလွန်မှု - ၁၀ဂိုး
နိုင်ပွဲ - ၁၅၆ပွဲ
ရှုံးပွဲ - ၅၆ပွဲ
ဒီနှစ်ရာသီ စွမ်းဆောင်ရည်
ပွဲပေါင်း - ၃၆ပွဲ
Clean Sheet - ၇ပွဲ
ပေးဂိုး - ၅၁ဂိုး
အမှားကျူးလွန်မှု - ၄ဂိုး
နိုင်ပွဲ - ၁၉ပွဲ
ရှုံးပွဲ - ၉ပွဲ



















