ဒေးဗစ်မွိုင်းစ်ကို မန်ယူက ထုတ်ပြီ

မန်ချက်စတာ ယူနိုက်တက် ဘောလုံးကလပ် ဘုတ်အဖွဲ့က မန်နေဂျာ ဒေးဗစ်မွိုင်းစ်ကို ထုတ်ပယ်လိုက်ပါပြီ။
ဒီနှစ်ဘောလုံးရာသီးမှာ မန်ယူ အသင်း ရလာဒ်တွေ ဆိုးဆိုးဝါးဝါး ဖြစ်နေခဲ့ပြီး ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်၀င်ခွင့်လည်း ဆုံးရှုံးသွားရတဲ့ အတွက် မန်နေဂျာမှာ တာ၀န်ရှိတယ်ဆိုပြီး အသင်းပရိသတ်တွေက သူ့ကို ထုတ်ဖို့ တောင်းဆိုနေခဲ့တာ တော်တော်ကြာပါပြီ။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဒေးဗစ်မွိုင်းစ် ကိုင်ခဲ့တဲ့ အဲဗာတန်အသင်းကို တစ်ရာသီထဲမှာ ဒုတိယအကြိမ် ထပ်ရှုံးလိုက်တာက သူ့အတွက် နောက်ဆုံး အခွင့်အလမ်းတွေ ကုန်ဆုံးသွားတယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။
မန်ယူ ဘုတ်အဖွဲ့ကတော့ ဒေးဗစ်မွိုင်းရဲ့ ကြိုးပမ်းခဲ့မှုတွေကို အသိအမှတ်ပြုကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။
ဒေးဗစ်မွိုင်းစ်ကို အနားယူသွားတဲ့ မန်နေဂျာကြီး ဆာအဲလက်စ် ဖာဂူဆန် ကိုယ်တိုင်က သူ့ကို ဆက်ခံသူ အဖြစ်ရွေးဖို့ ဆန္ဒပြုခဲ့တာ ဖြစ်ပါတယ်။
မွိုင်းစ်ဟာ မန်ယူနဲ့ ခြောက်နှစ် စာချုပ်သက်တမ်းရှိနေတာမို့ အခုလို တစ်ရာသီထဲနဲ့ ထွက်ရတဲ့အတွက် လျော်ကြေး စတာလင်ပေါင်း ၅ သန်းက ၁၀ သန်းအထိ ရနိုင်တယ်လို့ ဘောလုံးလောက အကဲခတ်တွေက ပြောကြပါတယ်။
မန်နေဂျာ အသစ် ဘယ်သူ ဖြစ်လာမလဲ ဆိုတာကိုတော့ အသင်းက မကြေငြာသေးပါဘူး။
















