အီးယူနဲ့ ကနေဒါ ရှေ့ဆက်ဖို့ ဘယ်လ်ဂျီယံ မီးစိမ်းပြ

ဓာတ်ပုံ ရင်းမြစ်, JOHN THYS
ဥရောပ သမဂ္ဂ အီးယူနဲ့ ကနေဒါ နိုင်ငံတို့ အကြား ကုန်သွယ်ရေး လွတ်လပ်ခွင့် သဘောတူညီချက် CETA ကို ရှေ့ဆက် လက်မှတ်ထိုးနိုင်ဖို့အတွက် အီးယူ အဖွဲ့ဝင် ဘယ်လ်ဂျီယံက နိုင်ငံရေးသမားတွေ သဘောတူလိုက်ပြီလို့ ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် Charles Michel က ပြောပါတယ်။
အဲဒီ CETA သဘောတူညီချက်ကို ၇ နှစ်ကြာ ညှိနှိုင်းနေခဲ့တာ ဖြစ်ပြီး ကြာသပတေးနေ့က အတည်ပြု လက်မှတ်ထိုးဖို့ ဖြစ်ပေမယ့် ဘယ်လ်ဂျီယံ တောင်ပိုင်း ပြည်နယ်တစ်ခုက ကန့်ကွက်ခဲ့တဲ့အတွက် ဆိုင်းငံ့ ခဲ့ရတာပါ။
အခုတော့ နောက်တစ်ကြိမ် ညှိနှိုင်း ပြင်ဆင်မှုတွေ အပြီးမှာ အဲဒီ ဝေါ်လိုနီးယား ပြည်နယ်က သဘောတူ လက်ခံလိုက်တာ ဖြစ်တယ်လို့ ဘယ်လ်ဂျီယံ ဝန်ကြီးချုပ်က ပြောပါတယ်။
ဒါပေမယ့် အဲဒီလို ဘယ်လ်ဂျီယံ ဘက်က ပြင်ဆင်မှုတွေကို တခြား အီးယူ အဖွဲ့ဝင် ၂၇ နိုင်ငံ စလုံးက အတည်ပြုပြီးမှသာ ကနေဒါနဲ့ အီးယူအကြား CETA သဘောတူညီချက်ကို လက်မှတ် ထိုးနိုင်မှာ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံ နိုင်ငံရဲ့ ဖက်ဒရယ် စနစ်အရ ၆ ခု ရှိတဲ့ ဒေသပါလီမန် အားလုံးက အတည်ပြု လက်ခံမှသာ ဗဟိုအစိုးရက သဘောတူညီချက်ကို လက်မှတ်ထိုးနိုင်တာ ဖြစ်ပါတယ်။















