ရေဘေးသင့် ဟူစတန်မှာ ညမထွက်ရ အမိန့်ထုတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟာရီကိန်း မုန်တိုင်း ဟာဗေးရဲ့ နောက်ဆက်တွဲ အဖြစ် ရေကြီးရေလျှံဒဏ်ခံနေရတဲ့ အမေရိကန်ပြည်ထောင်စု တက္ကဆက် ပြည်နယ် မြို့တော် ဟူစတန်မှာ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ စတုတ္ထမြောက် လူဦးရေ အများဆုံးမြို့ ဖြစ်တဲ့ ဟူစတန်မှာ မုန်တိုင်းကြောင့် စံချိန်တင်မိုးရွာနေပြီး မြို့တော်ရဲ့ နေရာ အတော်များများမှာ ရေဖုံးလွှမ်းနေကာ နေအိမ်တွေ ပျက်စီးပြီး လူ အယောက် ၂၀ ကျော် သေဆုံးခဲ့ရပါတယ်။
ရေကြီးတာတွေ ဖြစ်နေတုန်း လုယက်ခိုးယူတာတွေ မဖြစ်အောင် ညသန်းခေါင်ချိန်ကနေ မနက် ၅ နာရီ အထိ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ရတာ ဖြစ်တယ်လို့ မြို့တော်ဝန် ဆစ်ဗဲလ်စတာတားနာက ပြောပါတယ်။
လူတွေ စွန့်ခွာခဲ့တဲ့ နေအိမ်တွေကို ဖောက်ထွင်းခိုးယူတဲ့ ရာဇဝတ်မှုတွေ မဖြစ်အောင် ကာကွယ်တဲ့ သဘောဖြစ်ပြီး ဒီအမိန့်မှာ ကယ်ဆယ်ရေး လုပ်သားတွေ၊ အရေးပေါ်ကူညီရေး ဝန်ထမ်းတွေနဲ့ အလုပ်သွား အလုပ်ပြန်သူတွေတော့ ကင်းလွတ်ခွင့် ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ရေကြီးမှုအတွင်းမှာ လုယက်မှု၊ လက်နက်ကိုင် ဓားပြတိုက်မှု၊ ရဲအယောင်ဆောင်မှုတွေ ဖြစ်ပွားနေပါတယ်။ နှစ်ငါးဆယ်ကျော်အတွင်း အပြင်းထန်ဆုံး ဖြစ်တဲ့ ဒီ မုန်တိုင်းဒဏ်ကြောင့် လူသန်းဝက် ဟာ အကူအညီတွေ လိုအပ်နေပြီး လူ ၃၀,ဝ၀ဝ ကျော်ဟာ အရေးပေါ် ခိုလှုံဖို့ နေရာတွေ လိုအပ်နေတယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို အရင်ကထက် ပိုကောင်းအောင် ဆောင်ရွက်ပြမယ်လို့ သူ့ရဲ့ အင်္ဂါနေ့က တက္ကဆက် ခရီးစဉ်မှာ ဆိုခဲ့ပါတယ်။

ဟာဗေး ဟာရီကိန်း ဟာ အခုအချိန်မှာတော့ အပူပိုင်းမုန်တိုင်းအဆင့်ကို လျော့ကျသွားကာ မက္ကစီကို ပင်လယ်ကွေ့ ကမ်းလွန်ကို ဖြတ်ပြီးနောက်မှာ လူဝီဇီယားနားပြည်နယ်ထဲကို တဖန်ပြန်ဝင်ရောက်ခဲ့ပါတယ်။
၂၀ဝ၅ ခုနှစ်တုန်းက ဟာရီကိန်း ကက်ထရီနာ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံခဲ့ရတဲ့ မြေနိမ့်ပိုင်းမှာ ရှိတဲ့ လူဝီဇီယားနား မြို့တော် နယူးအော်လင်း ဟာ လာမယ့် ၃၆ နာရီ အတွင်း မိုးရေချိန် လက်မ ၁၀ (၂၅ စင်တီမီတာ) ရွာသွန်းဖွယ်ရှိပြီး ရေကြီးမှု အန္တရာယ် ရင်ဆိုင်ရနိုင်ပါတယ်။
တက္ကဆက်နဲ့ လူဝီဇီယားနား ပြည်နယ် နှစ်ခုလုံးမှာ သမ္မတ ထရမ့်က အရေးပေါ်အခြေအနေကြေညာထားပြီး အစိုးရရဲ့ အရေးပေါ် ရန်ပုံငွေနဲ့ အကူအညီတွေ ပေးပို့နေပါတယ်။



















