ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာမာ ဟာရီကိန်း အရှိန်ပြင်းဆဲ
ဖလော်ရီဒါ ပြည်နယ်ကို ဖြတ်ပြီး မြောက်ဘက်ကို တိုက်နေတဲ့ အာမာ ဟာရီကိန်း မုန်တိုင်းကြောင့် ကမ်းရိုးတန်း မှာ ရေတွေကြီးပြီး တော်နေဒိုး လေပြင်းတွေ ကျရောက် နေပါတယ်။
မီးတွေလည်း ပြတ်နေလို့ အိမ် ၂ သန်းကျော်လောက် လျှပ်စစ် မီးမရှိ ဖြစ်နေပါတယ်။
မုန်တိုင်း အရှိန် ကျလာပေမယ့် ဖလော်ရီဒါမှာ သေသူ အနည်းဆုံး ၃ ယောက် ရှိသွားပါပြီ။
မြို့တွေမှာလည်း လုယက်မှုတွေ မဖြစ်အောင် ညမထွက်ရ အမိန့် ထုတ်ထားပါတယ်။
ဖလော်ရီဒါကို ဗဟို အစိုးရ အကူအညီ ပေးဖို့အတွက် ကပ်ဘေးကျတဲ့ နေရာ အဖြစ် အမေရိကန် သမ္မတ ထရမ့်က ကြေညာပေးခဲ့ပါတယ်။
မိုင်ယာမီဘက်မှာ ဆိုရင် လမ်းမတွေ မှာ ရေလျှံ နေလို့ လူတွေ ကိုလည်း နေအိမ်တွေ စွန့်ခွာစေပြီး နားခိုစရာတွေ မှာ နေရာချထားပါပြီ။
အခုလို ဖလော်ရီဒါပြည်နယ် က လူ ၆ သန်းခွဲ ကို နေအိမ်က စွန့်ခွာရမယ့် အမိန့် ထုတ်ပြန် ခဲ့ခြင်းဟာလည်း အမေရိကန် သမိုင်းမှာ အကြီးမားဆုံး ပြောင်းရွှေ့ စေခြင်း ဖြစ်ပါတယ်။
သမ္မတ ထရမ့် ကိုယ်တိုင်လည်း အိမ်ဖြူတော် မှာ အစိုးရ အဖွဲ့နဲ့ အစည်းဝေးထိုင်ပြီး မုန်တိုင်း အန္တရာယ် အရေး ဆွေးနွေးကြောင်း သတင်းထောက် တွေ ကို ပြောပါတယ်။
ကုန်းပေါ်ကို ဝင်တိုက်တဲ့ အထဲမှာ ဒါဟာ အင်အားအကြီးဆုံးပါ။ ထင်သလောက် မထိခိုက်ပေမယ့် နောက်ထပ် ၅ နာရီ ၆ နာရီလောက် ဆက်ပြီး ဆိုးရွားမယ့် အနေအထား ရှိပါတယ်။ အားလုံး အခြေအနေကို ထိန်းချုပ် ကူညီနိုင်မယ့်ပုံ ရှိပါတယ် ဆိုပြီး ဒေါ်နယ် ထရမ့်က ဆိုပါတယ်။
ကက်ဘိနက် အစည်းအဝေး ခေါ်ယူပြီး ပူးတွဲဆောင်ရွက်စရာတွေ အသင့်ဖြစ်စေပါပြီ။ သတင်းဆိုးကတော့ ဒီမုန်တိုင်းဟာ အင်မတန် အားပြင်းတဲ့ မကောင်းဆိုးဝါးကြီးဖြစ်ပါတယ် လို့ပြောပါတယ်။
ကျူးဘားက ဟာဗားနား မြို့တော်မှာတော့ မုန်တိုင်း ရေလျှံမှုကြောင့် မြို့လယ် လမ်းတွေဟာ တူးမြောင်းတွေလို ဖြစ်ကုန်ပါတယ်။
ခုထိ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေး လုပ်သားတွေက စက်လှေတွေ သုံးပြီး ကယ်ထုတ်နေရပါတယ်။
ကျူးဘား မြောက်ပိုင်း က ကမ်းရိုးတန်း တလျှောက်မှာလည်း ထိခိုက် ပျက်စီးတာတွေ များတယ် လို့ ဆိုပါတယ်။