မက္ကဆီကို ငလျင်ဒဏ်ကနေ အသက်ရှင် လွတ်မယ့်သူတွေကို ဆက်ရှာနေ

ဓာတ်ပုံ ရင်းမြစ်, EPA
ငလျင်ဒဏ် ခံခဲ့ရတဲ့ မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းမှာ ငလျင်ဘေးကနေ အသက်ရှင် ကျန်ရစ်နိုင်ဘွယ် လူတွေကို ကယ်ဆယ်ရေး ဝန်ထမ်းတွေက အပျက်အစီးပုံတွေကို လက်တွေနဲ့ ဖယ်ရှား ရှာဖွေနေကြပါတယ်။
နိုင်ငံတဝှမ်း ငလျင်ဒဏ်ကြောင့် သေဆုံးသူပေါင်း လောလောဆယ် နှစ်ရာကျော် ရှိသွားပြီလို့ မက္ကဆီကို အစိုးရကပြောပါတယ်။
သေဆုံးသူတွေထဲက တဝက်နီးပါးလောက်ဟာ လူနေထူထပ်တဲ့ မက္ကဆီကို စီတီမြို့ကလူတွေ ဖြစ်ပါတယ်။
မနေ့ညက နာရီပေါင်း အတော်ကြာကြာ လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့ပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေက အမှောင်ထုထဲမှာ လက်နှိပ်ဓါတ်မီးတွေနဲ့ အပျက်အစီးပုံတွေကြားထဲ လူတွေကို လိုက်ကယ်ခဲ့ရပါတယ်။
မက္ကဆီကို စီတီးမြို့မှာ ငလျင်ဒဏ်ကြောင့် ပြိုကျသွားတဲ့ မူလတန်းကျောင်း တကျောင်းမှာတင် အနည်းဆုံး ကလေး၂၁ဦးနဲ့ လူကြီး ၅ဦး သေဆုံးခဲ့ပြီး အတော်များများ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
အဲဒီကျောင်းမှာ ကလေးမလေးတဦးကို အသက်ရှင်ရက် ရှာတွေ့ခဲ့တဲ့အတွက် နောက်ထပ် အသက်ရှင်ရက် လူတွေ ထပ်တွေ့အုံးမလားဆိုတဲ့ မျှော်လင့်ချက်တွေ ပေါ်ထွက်လာခဲ့ပါတယ်။
ကယ်ဆယ်ရေးဝန်ထမ်းတွေက ကလေးမလေးကို ရေနဲ့ စားစရာတွေ လှမ်းပေးရင်း အပျက်အစီးပုံတွေကြားကနေ သူ့ကို ခဲခဲယဉ်းယဉ်း ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။
Obrera ရပ်ကွက်မှာလည်း အပျက်အစီးပုံတွေအောက်ကနေ လူ၄ယောက်ကို အသက်ရှင်ရက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။
အခုအခါ ညမထွက်ရ ကာဖြူးအမိန့်ချထားပြီး မီးသတ်ကား၊ လူနာတင်ကား၊ ရဲနဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက လွဲလို့ ဘယ်သူ့ကိုမှ အပြင်ပေးမထွက်ပါဘူး။
ငလျင် လှုပ်ခဲ့တုန်းက အနားက မီးတောင်တခု ထပေါက်ခဲ့ပြီး အဲဒီတောင်စောင်းမှာ ရှိတဲ့ ဘုရားကျောင်း ပြိုကျခဲ့ရာမှာ ဝတ်ပြုဆုတောင်းနေသူ ၁၅ဦး သေဆုံးခဲ့ပါတယ်။
မက္ကဆီကိုနိုင်ငံမှာ ၁၉၈၅ခုနှစ်တုန်းကလည်း ငလျင်ဒဏ်ကြောင့် လူတသောင်းလောက် သေဆုံးခဲ့ပါတယ်။
အခု ၃၂နှစ်တင်းတင်းပြည့်တဲ့နေ့က ငလျင် စမ်းသပ် လေ့ကျင့်မှု လုပ်နေတုန်းမှာပဲ အခုလို ၇ ဒဿမ ၁ ပြင်းအားရှိတဲ့ ငလျင်ကြီး လှုပ်ခဲ့တာပါ။
တကယ့် ငလျင် အချက်ပေးသံ အစစ်ကို အစမ်းအချက်ပေးသံလို့ လူတွေက ထင်ခဲ့ကြတာပါ။
အခု ဒီငလျင်ဟာ တလအတွင်း ဒုတိယအကြိမ်မြောက် ငလျင်လည်း ဖြစ်ပြီး နှစ်ပေါင်း ၃၀ကျော်အတွင်း လူသေဆုံးမှု အများဆုံးလည်း ဖြစ်ပါတယ်။



















