လက်ဘနွန်ကို ကြားခံအနေနဲ့ အသုံးမချဖို့ အမေရိကန် သတိပေး

ဓာတ်ပုံ ရင်းမြစ်, EPA
လက်ဘနွန်နိုင်ငံမှာ ဝန်ကြီးချုပ် ဆာ့ဒ် ဟာရီရီ ရာထူးကနေ နှုတ်ထွက်သွားတဲ့အတွက် အကြပ်အတည်း တွေ့နေချိန်မှာ ကျန်တဲ့ တခြား နိုင်ငံတွေအနေနဲ့ လက်ဘနွန်နိုင်ငံကို ကြားခံ အသုံးမချကြဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က သတိပေးပြောကြားလိုက်ပါတယ်။
အီရန်နဲ့ သူ့ရဲ့ မဟာမိတ် လက်ဘနွန် ဟက်ဇ်ဘိုလာ အဖွဲ့ကို ရည်ညွှန်းပြီး မစ္စတာ Tillerson က လက်ဘနွန်အရေးမှာ လက်နက်ကိုင်အဖွဲ့တွေ ဒါမှမဟုတ် နိုင်ငံခြား တပ်ဖွဲ့တွေအနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေမှ တရားဝင် ပါဝင်ဖို့ အကြောင်းမရှိဘူးလို့ ပြောပါတယ်။
စနေနေ့တုန်းက မစ္စတာ ဟာရီရီက သူအသက်အန္တရာယ်ကို စိုးရိမ်တဲ့အတွက် ဝန်ကြီးချုပ် ရာထူးကနေ နှုတ်ထွက်ကြောင်း ထုတ်ဖော်ကြေညာခဲ့ပြီး အီရန်ကိုရော ဟက်ဇ်ဘိုလာ အဖွဲ့ကိုပါ ပြင်းပြင်းထန်ထန် ဝေဖန် ပြောသွားခဲ့ပါတယ်။
ဟက်ဇ်ဘိုလာ အဖွဲ့ကတော့ ဆော်ဒီအာရေဗျအစိုးရက မစ္စတာ ဟာရီရီကို ထိန်းသိမ်းခဲ့ပြီး ရာထူးကနေ အတင်း နှုတ်ထွက်ခိုင်းခဲ့တာလို့ ဆိုပါတယ်။
မစ္စတာ Tillerson ကတော့ ဆော်ဒီ အစိုးရက မစ္စတာ ဟာရီရီကို ထိန်းသိမ်းတာမျိုး မရှိဘူးလို့ သူ့ကို အာမခံခဲ့ကြောင်းနဲ့ လွတ်လပ်တဲ့ လက်ဘနွန်နိုင်ငံတခု ဖြစ်လာရေး ကို အမေရိကန်နိုင်ငံက ထောက်ခံအားပေးကြောင်း ပြောသွားပါတယ်။















