သမ္မတမူဂါဘီ ရာထူးက ဆင်းဖို့ ငြင်းဆန်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဇင်ဘာဘွေမှာ နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ သမ္မတမူဂါဘီကို ရာထူးကနှုတ်ထွက်ဖို့ တောင်းဆိုမှုတွေ ကြီးထွားလာပေမယ့် ချက်ချင်းထွက်ပေးဖို့ ငြင်းဆန်နေတယ်လို့ သတင်းတွေရရှိပါတယ်။
သမ္မတမူဂါဘီကို ဘယ်သူ ဆက်ခံသင့်တယ်ဆိုတဲ့ အငြင်းပွားမှုကြောင့် ဗုဒ္ဓဟူးနေ့က စစ်တပ်က တိုင်းပြည် အာဏာကို ထိန်းသိမ်း လိုက်ပြီးတဲ့နောက် အသက်၉၃နှစ် အရွယ်မူဂါဘီကို နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်း ထားပါတယ်။
ဒေသတွင်း သံတမန်တွေနဲ့ ဇင်ဘာဘွေ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး ချီ၀င်ဂါတို့ မူဂါဘီနဲ့ သမ္မတနေအိမ်မှာ တွေ့ဆုံကြတဲ့ဓါတ်ပုံတွေ ဇင်ဘာဘွေ ဟယ်ရယ် သတင်းစာမှာဖေါ်ပြခဲ့ပါတယ်။
၁၉၈၀ကတည်းက လူဖြူလူနည်းစု အစိုးရကို ဖြုတ်ချပြီး အာဏာရလာတဲ့ မူဂါဘီက လာမယ့်နှစ်အတွက် စီစဉ်ထားတဲ့ ရွေးကောက်ပွဲ မတိုင်မီ သူ့ဆန္ဒအလျောက် ရာထူးက နှုတ်ထွက်ဖို့ ငြင်းဆိုနေတယ်လို့ အဲဒီဆွေးနွေးပွဲနဲ့ နီးစပ်တဲ့သတင်း ရပ်ကွက်ကပြောပါတယ်။
အချို့လေ့လာသူတွေကတော့ မူဂါဘီအနေနဲ့ ရာထူးက မဆင်းမီသူနဲ့သူ့မိသားစုရဲ့ လုံခြုံဘေးကင်းဖို့ အာမခံချက်ရအောင် ကြိုးပမ်းနေတာ ဖြစ်နိုင်တယ်လို့ ပြောနေကြပါတယ်။
ဇင်ဘာဘွေနိုင်ငံရဲ့ အဓိကအတိုက်အခံ အမ်ဒီစီတီ ပါတီခေါင်းဆောင် ချန်ဂီရိုင်း ကတော့ ညှိနှိုင်းပြီးအာလုံး ပါဝင်တဲ့ ကြားဖြတ် အစီအစဉ်တခုအရ မစ္စတာမူဂါဘီ ချက်ခြင်း နှုတ်ထွက်ဖို့ တောင်းဆိုလိုက်ပါတယ်။
တကယ်လို့ သမ္မတမူဂါဘီကို ရာထူးက တရားဝင် ဆင်းပေး အောင်သိမ်းသွင်းနိုင်ရင် စစ်တပ်က ထူးထူးခြားခြား ဝင်ရောက်စွက်ဖက်တာကို ဥပဒေကြောင်းနဲ့ ကိုက်ညီအောင်လုပ်ဖို့ အထောက်အကူ ပြုနိုင်တယ်လို့ ဇင်ဘာဘွေရှိ ဘီဘီစီသတင်းထောက် အင်ဒရူးဟာဒင်က သတင်းပေးပို့ထားပါတယ်။















