မူဂါဘီ နုတ်ထွက်ပေးဖို့ သူ့ပါတီ တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, AFP
ဇင်ဘာဘွေနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က စစ်တပ်က အာဏာလွှဲပြောင်းယူခဲ့ပြီးတဲ့နောက် သမ္မတ Robert Mugabe အပေါ် အယုံအကြည် မရှိကြောင်း ZANU-PF အစိုးရပါတီရဲ့ ဒေသန္တရ အဖွဲ့ခွဲ ၁၀ခုထဲက ၈ခုက မဲခွဲ ဆုံးဖြတ်လိုက်ကြောင်း ဇင်ဘာဘွေ အစိုးရ ရုပ်မြင်သံကြားမှာ အတည်ပြု ဖော်ပြလိုက်ပါတယ်။
မစ္စတာ မူဂါဘီက ပါတီ အမျိုးသား ကွန်ဂရက်စ် မကျင်းပခင် လာမယ့်လအထိ ပါတီရဲ့ ပြယုဂ် ခေါင်းဆောင်အဖြစ် ဆက်နေလိုတဲ့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
သူ့ကို အကျယ်ချုပ် ထိန်းသိမ်းထားတဲ့ စစ်တပ်နဲ့ မစ္စတာ မူဂါဘီ အကြားမှာတော့ ခုချိန်ထိ သဘောတူချက် တစုံတရာ မရသေးပါဘူး။
သမ္မတ မူဂါဘီကို ရာထူးက နုတ်ထွက်အောင် ကြိုးပမ်းတဲ့အနေနဲ့ ဟာရာရီမြို့တော်က လမ်းတွေပေါ်မှာ ဒီကနေ့ စနေနေ့မှာ လုပ်မယ့် သွေးစည်းညီညွတ်တဲ့ ချီတက်ပွဲတခုကို စစ်တပ်က ထောက်ခံအားပေးကြောင်း ထုတ်ဖော်ကြေညာလိုက်ပါတယ်။
အစောပိုင်းတုန်းက မစ္စတာ မူဂါဘီဟာ ဟာရာရီမြို့တော်က တက္ကသိုလ်တခုရဲ့ ဘွဲ့နှင်းသဘင်ပွဲကို တက်ရောက်ခဲ့ပြီး ဒါဟာ စစ်တပ်က အာဏာလွှဲယူခဲ့ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် လူထု ရှေ့မှောက် ထွက်လာခဲ့တာ ဖြစ်ပါတယ်။















