ဂျွမ်းဘားမယ်လေးတွေကို မတော်မတရား လုပ်ခဲ့တယ်လို့ အိုလံပစ် ဆရာဝန် ဝန်ခံ

ဓာတ်ပုံ ရင်းမြစ်, CBS
အမေရိကန် ဂျွမ်းဘား လက်ရွေးစင်အသင်းရဲ့ ဆရာဝန်ဟောင်းက သူဟာ ရာဇဝတ်ကြောင်းဆိုင်ရာ လိင်မှုကိစ္စ အများအပြား ကျူးလွန်ခဲ့မှုနဲ့ အပြစ်ရှိကြောင်း တရားရုံးမှာ ဝန်ခံ လျှောက်လဲခဲ့ပါတယ်။
အဲဒီ ဆရာဝန် Lawrence Nassar ဟာ အမေရိကန် လက်ရွေးစင် အသင်းထဲမှာရော မစ်ရှီဂန် ပြည်နယ် တက္ကသိုလ်မှာပါ ဆယ်စုနှစ်ပေါင်းများစွာ အမျိုးသမီး အားကစားမယ် အတော်များများကို လိင်ပိုင်းဆိုင်ရာ မတော်မတရား လုပ်ခဲ့မှုနဲ့ တရားစွဲ ခံထားရတာပါ။
အပြစ်ရှိကြောင်း ဝန်ခံဖို့ သဘောတူချက် တစိတ်တပိုင်းအရ Lawrence Nassar က သူဟာ မတော်မတရားမှုပေါင်း ၇ခုကို ကျူးလွန်ခဲ့ပါတယ်လို့ ဝန်ခံခဲ့ပြီး သူကျူးလွန်ခဲ့မှုတွေအတွက် အကြီးအကျယ် စိတ်မကောင်း ဖြစ်မိတယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
သူ့ရဲ့ လိင်ပိုင်းဆိုင်ရာ မတော်မတရား လုပ်တာ ခံခဲ့ရသူတွေထဲမှာ အိုလံပစ် ရွှေတံဆိပ်ဆုရှင် ၃ဦး ပါဝင်ပြီး နောက်၃ဦးကတော့ အသက် ၁၃နှစ်အောက် ကလေးမလေးတွေ ဖြစ်ပါတယ်။
Lawrence Nassar ဟာ ထောင်ဒဏ် ၂၅နှစ် ကျခံရဘွယ် ရှိပါတယ်။















