အီဂျစ် တိုက်ခိုက်မှုကြောင့် လူရာကျော်သေ

ဓာတ်ပုံ ရင်းမြစ်, STR
အီဂျစ် နိုင်ငံ ဆိုင်နိုင်း ကျွန်းဆွယ် ဒေသက ဗလီ တခုမှာ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ၂၃၅ ယောက် သေဆုံးတယ်လို့ အစိုးရ သတင်းဌာနတွေက ပြောကြား ပါတယ်။
လူ ၁၂၅ ယောက်လည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
သောကြာနေ့ ဝတ်ပြုဖို့ လာတဲ့ အမျိုးသား အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် စစ်သားသစ် အဖြစ် စာရင်းပေးထားသူတွေပါ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အဲဒီဒေသမှာ ဂျီဟတ် ဘာသာရေး အစွန်းရောက်တွေ ပုန်ကန်နေတာ ကြာပြီ ဖြစ်ပြီး ဒီတခါ တိုက်ခိုက်မှုက အဆိုးရွားဆုံး ဖြစ်ပါတယ်။
ဗလီထဲမှာ သွေးသံရဲရဲနဲ့ အလောင်းတွေ ပုံနေတာကိုလည်း ထွက်လာတဲ့ ဓာတ်ပုံတွေက ပြနေပါတယ်။
ဆိုင်နိုင်းမြောက်ပိုင်း အယ်လ် ရော်ဒါ ရွာက ဗလီထဲကို သေနတ်သမားတွေ ဝင်ပစ်ပြီး ဗုံးခွဲခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Google
လူနာတွေကို ကယ်ထုတ်ဖို့ ရောက်လာတဲ့ သူနာပြုကားတွေ ကိုလည်း သေနတ်သမားတွေက ပစ်ခတ်ခဲ့ပါတယ်။
ဒီ ဗလီဟာ ဆူဖီ မွတ်ဆလင် တွေကြား ကျော်ကြားပါတယ်။
ဘာသာရေး အရ ထူးခြားတဲ့ ကိုးကွယ်မှု ရှိတဲ့ ဆူဖီ တွေကို IS အပါအဝင် မွတ်ဆလင် အစွန်းရောက်တွေက ဖိနှိပ် ညှဉ်းပန်းတာတွေလည်း ဖြစ်နေပါတယ်။
ဒီဖြစ်ရပ်အတွက် အီဂျစ် အစိုးရက တနိုင်ငံလုံး ၃ ရက် ဝမ်းနည်းခြင်း ကြေညာ ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အီဂျစ် သမ္မတ စီစီနဲ့ လုံခြုံရေး အာဏာပိုင်တွေ ဒီကိစ္စ အတွက် ဆွေးနွေးကြဖို့လည်း ရှိပါတယ်။
တိုက်ခိုက်မှု လက်သည်ကို မသိရသေးပေမယ့် သမ္မတဟောင်း မော်စီကို ၂ဝ၁၃ က စစ်တပ်က ဖြုတ်ချခဲ့ပြီးနောက် တိုက်ခိုက်မှုတွေ ဒီနေရာမှာ ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။
ဒီမှာ လှုပ်ရှားနေတဲ့ ဆိုင်နိုင်း နယ်မြေ အုပ်စုဟာ IS နဲ့လည်း ဆက်နွယ်နေပါတယ်။
သူတို့ တိုက်ခိုက်မှုကြောင့် ရာနဲ့ချီတဲ့ စစ်သား၊ ရဲနဲ့ အရပ်သားတွေ သေဆုံးခဲ့သလို ကော့ပတစ် ခရစ်ယာန်တွေကို လည်း သတ်ဖြတ်မှုတွေ ရှိနေပါတယ်။



















