လေဆိပ် လက်ဆွဲအိတ်ထဲ ပိုးဟပ် ၂ဝဝ ယူလာတဲ့ တရုတ် စုံတွဲ

ဓာတ်ပုံ ရင်းမြစ်, KANKAN NEWS
- ရေးသားသူ, ကမ္ဘာတဝှမ်းက သတင်းများ
- ရာထူးတာဝန်, ဘီဘီစီ
- ရေးသားခဲ့သည်။
တရုတ် လေဆိပ် တခုမှာ အကောက်ခွန် ဝန်ထမ်းတွေက လင်မယား နှစ်ယောက်ရဲ့ အိတ်ကို ဖွင့်လိုက်တော့ ရာနဲ့ချီတဲ့ ပိုးဟပ်တွေ ပါလာတာ တွေ့ခဲ့ပါတယ်။
နိုဝင်ဘာ ၂၅ ရက်က ဂွမ်ဒေါင်း ပြည်နယ် တောင်ပိုင်းက ဘိုင်ယွန်း နိုင်ငံတကာ လေဆိပ်မှာ လူကြီး စုံတွဲ နှစ်ယောက်က သူတို့အိတ်ကို စစ်ဆေးရေး စက်ပေါ် တင်လိုက်တဲ့ အခါ အိတ်ထဲက လှုပ်နေတာကို လုံခြုံရေး တွေက သတိထားမိကြတယ်လို့ ဘေဂျင်း လူငယ် နေ့စဉ်က ရေးပါတယ်။
ပလပ်စတစ် အိတ် အဖြူထဲမှာ မည်းမည်းမည်းမည်း လေးတွေ အများကြီး လှုပ်နေတာ တွေ့ရတယ် လို့ လုံခြုံရေး ဝန်ထမ်း ရှူ ယုယုက ကန်ကန် သတင်းဌာနကို ပြောပါတယ်။
ဝန်ထမ်း တယောက်က အိတ်ကို ဖွင့်လိုက်တော့ ပိုးဟပ် တကောင် ခုန်ထွက်လာတယ်၊ သူလည်း လန့်အော်ရော လို့လည်း ရှူက ဆိုပါတယ်။
ပိုးဟပ်တွေ ဘာလို့ သယ်လာတာလဲလို့ သူတို့ကို မေးတော့ ယောက်ျား လုပ်တဲ့သူက သူ့မိန်းမ အသားအရေ အတွက် လိမ်းဆေးဖော်ဖို့လို့ ဆိုပါတယ်။
ဘာအတွက် ဆေးဖော်တယ် ဆိုတာတော့ မပြောပါဘူး။ ဒါဟာ လူကြီးတွေ သုံးတဲ့ ဆေးတမျိုးပါ။ ပိုးဟပ်နဲ့ ဆေးဆီနဲ့ ရောပြီး အသားပေါ် လိမ်းတာပါလို့ ဒီစုံတွဲက ပြောကြောင်း လုံခြုံရေး ဝန်ထမ်း အမျိုးသမီး ရှူက ပြောပါတယ်။
သက်ရှိ သတ္တဝါတွေကို လေယာဉ်ပေါ်မှာ လက်ဆွဲအိတ်ထဲ ထည့် မသယ်ရဘူးလို့ ကန့်သတ်ထားလို့ ပိုးဟပ်တွေကို လုံခြုံရေးတွေနဲ့ ထားခဲ့ရကြောင်း ဘေဂျင်း လူငယ် နေ့စဉ်က ရေးပါတယ်။
အဲဒီ ပိုးဟပ်တွေ ဘာဖြစ်သွားသလဲတော့ မသိပါဘူး။
သြဂုတ်လတုန်းကလည်း ဘတ်စ်ကားဂိတ် တခုမှာ စစ်ဆေးရေးစက်နဲ့ စစ်တော့ လူတယောက်က လူ့လက်မောင်း နှစ်ခု သယ်လာတာ တွေ့ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KANKAN NEWS
ကယ်ရီ အာလန် ပေးပို့တယ် ။



















