အစိုးရ ယာယီလည်ပတ်ဖို့ ရံပုံငွေ ဥပဒေကြမ်းကို ဆီးနိတ် အတည်ပြု

အမေရိကန် ဗဟို အစိုးရ ယန္တရား ရပ်တန့် နေတာကို ယာယီ ပြန်လည် လည်ပတ် နိုင်ဖို့ရာ ငွေကြေး တချို့ သုံးစွဲခွင့် ပေးမယ်ဆိုတဲ့ သဘောတူညီချက် တစ်ရပ် ဆီးနိတ် လွှတ်တော်တွင်း ရရှိ လာပါတယ်။
သီတင်း နှစ်ပတ်ခွဲလောက် အစိုးရ ယန္တရား လည်ပတ် နိုင်အောင် ဘဏ္ဍာငွေ ဖြည့်ဆည်း ပေးမယ် ဆိုတဲ့ ဥပဒေကြမ်းကို ရီပတ်ပလစ်ကင် အမတ်တွေနဲ့ ဒီမိုကရက် အမတ်အများစုတို့ ထောက်ခံမဲ ပေးခဲ့ကြပါတယ်။

ဒီမိုကရက်တွေ ဘက်က အခုလို လိုက်လျော ပေးလိုက်တဲ့ အတွက် လူဝင်မှုနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ ရီပတ်ဘလစ်ကင်တွေ ဘက်ကလည်း ပြန်လည် လိုက်လျော ပေးတာမျိုး လုပ်ဖို့ သဘောတူ ခဲ့ကြပါတယ်။
အမေရိကန်ကို လူမမယ် အရွယ်က တရားမဝင် ရောက်ရှိခဲ့ကြပြီး အခု ပြည်နှင်ဒဏ် ပေးခံထိနေတဲ့ ထောင်ပေါင်း များစွာသော လူငယ်တွေ အရေးကို ရီပတ်ဘလစ်ကင်တွေ ဘက်က သက်သက်ညှာညှာ ပြန်လည် စဉ်းစားပေးမယ်လို့ ဆိုပါတယ်။

လူဝင်မှုနဲ့ ပတ်သက်ရင် ယာယီ သဘောတူမှုတွေကို မလိုချင်ဘူး၊ တိုင်းပြည်အတွက် ကောင်းမယ်ဆိုရင် ရေရှည်အတွက်ပဲ ဆုံးဖြတ်ချင် တယ်လို့ သမ္မတ ထရမ့်ဘက်က ပြောထားပါတယ်။
















