သည်ဟိဂ် မြို့ ရုရှား သံရုံးရှေ့ ထိုင်ခုံတွေချ ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, BART MAAT
နယ်သာလန် နိုင်ငံ သည်ဟိဂ် မြို့ က ရုရှား သံရုံးရှေ့မှာ ထိုင်ခုံအဖြူရောင် အများကြီး စီတန်းချထားပြီး ငြိမ်သက်စွာ ဆန္ဒပြပွဲ တခုကို လုပ်ဆောင် ခဲ့ကြပါတယ်။
၂၀၁၄ ဇူလိုင်လ တုန်း က ပျက်ကျသွားခဲ့တဲ့ ခရီးသည်တင် မလေးရှား လေကြောင်းလိုင်း MH 17 မှာ အသက်ဆုံးရှုံးခဲ့ရတဲ့ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေ က ဒီ ပွဲကို လုပ်ဆောင်ခဲ့ကြတာပါ။
သေဆုံးခဲ့ရတဲ့ ခရီးသည်တွေ နဲ့ လေယာဉ်ဝန်ထမ်း တွေ ကို ကိုယ်စားပြုတဲ့ ထိုင်ခုံ အဖြူရောင် အလွတ် ၂၉၈ လုံးကို ရုရှား သံရုံးရှေ့ က မြက်ခင်းပြင်ပေါ်မှာ စီတန်းချခဲ့ ကာ နှင်းဆီပန်း လေးတွေ ကို လည်း ထိုင်ခုံတချို့ပေါ် တင်ထားကြပါတယ်။
MH 17 အတွက် တရားမျှတမှု လို့ ကတ်ထူပြားလေးပေါ်မှာ စာလေး ရေးထားတာ ကို လည်း တွေ့ကြရပါတယ်။
အဲဒီ ဘိုးရင်း ၇၇၇ ခရီးသည် တင် လေယာဉ်ဟာ ယူကရိန်း အရှေ့ပိုင်းက လေပိုင်နက်အတွင်း ဖြတ်သန်း ပျံသန်းနေစဉ်မှာ မစ်ဇိုင်း ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်တာ ခံခဲ့ရပြီး ပျက်ကျခဲ့ရတာပါ။

ဓာတ်ပုံ ရင်းမြစ်, ALEXANDER KHUDOTEPLY
ဒါ ရုရှား စစ်တပ်ရဲ့လက်ချက်လို့ ခန့်မှန်းခဲ့ကြပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ စစ်ဆေးပြီးတဲ့အခါမှာလည်း အဲဒီ အသုံးပြုခဲ့တဲ့ မစ်ဇိုင်းဒုံးကျည် ဟာ ရုရှား တပ်ဖွဲ့တွေ က ပိုင်ဆိုင်တဲ့ ဒုံးကျည်ဆိုတာ အတည်ပြု ခဲ့ပါတယ်။
ဒီလေယာဉ်ပေါ်လိုက်ပါသွားခဲ့တဲ့ ခရီးသည် တွေထဲ အများစုက နယ်သာလန် က ဖြစ်ပြီးတော့ ၁၉၆ ယောက် ပါ။
ဒီလေယာဉ်ဟာ အမ်စတာဒမ် က နေ ကွာလာလမ်ပူ ကို ပျံသန်းစဉ် ယူကရိန်း လေပိုင်နက်ထဲမှာ အခုလို အဖြစ်နဲ့ကြုံခဲ့ရတာပါ။ ယူကရိန်းမှာ အဲဒီအချိန်တုန်းက အစိုးရတပ်တွေနဲ့ ရုရှလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေ တိုက်ပွဲတွေ ရှိနေတဲ့ ကာလပါ။
ပြီးခဲ့တဲ့ ၂ဝ၁၆ စက်တင်ဘာလက ရာဇဝတ်မှုများ ဆိုင်ရာ နိုင်ငံ တကာ စုံစမ်း စစ်ဆေးရေးအဖွဲ့ က လေယာဉ် ဟာ ရုရှားနိုင်ငံ လုပ် ဘတ်ခ် မစ်ဇိုင်း ဒုံးကျည် ကြောင့် ပျက်ကျ ခဲ့တာ လို့ အစီရင်ခံစာ ထုတ်ပြန်ခဲ့သလို ဒီနှစ် မေလကလည်း နယ်သာလန် ဦးဆောင်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့ က ဒီမစ်ဇိုင်း ဒုံးကျည် ပစ်လွှတ်လိုက်တဲ့ နေရာ က ရုရှအနောက်ပိုင်း က စစ်စခန်း တခု က ဖြစ်တယ် ဆိုတာ ကို ဖော်ထုတ် ခဲ့ပါတယ်။
ရုရှား ဘက်က တော့ ဒီလို လက်နက်မျိုးသူတို့ဆီမှာ မရှိသလို သူတို့ နဲ့ ဘာမှ မပတ်သက်ဘူး လို့ ငြင်းဆိုပါတယ်။



















