တောင်ကိုရီးယားနဲ့ ပူးတွဲညှိနှိုင်းရေး ကေဆွန်းရုံးကနေ မြောက်ကိုရီးယား ရုတ်တရက် နုတ်ထွက်

မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ အမေရိကန်၊ ညှိနှိုင်းရေးရုံး
ဓာတ်ပုံ ပုံစာ, ကေဆွန်း ပူးတွဲ ညှိနှိုင်းရေးရုံးကို ၂၀၁၈ ခုနှစ် စက်တင်ဘာလတုန်းက အခမ်းအနားနဲ့ ဖွင့်လှစ်ခဲ့
ရေးသားခဲ့သည်။

တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေး နွေးထွေးလာချိန်မှာ ဖွင့်လှစ်ခဲ့တဲ့ ကိုးရီးယားနှစ်နိုင်ငံ ညှိနှိုင်းရေး ရုံးကနေ မြောက်ကိုရီးယားနိုင်ငံ နုတ်ထွက်သွားပါတယ်။

မြောက်ကိုရီးယား ဝန်ထမ်းတွေ နေ့တွင်းချင်း ထွက်ခွာတော့မယ် ဆိုတဲ့အကြောင်း မြောက်ကိုရီးယားက မတ်လ ၂၂ ရက် သောကြာနေ့မှာ အသိပေး အကြောင်းကြားခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်မကောင်း ဖြစ်မိတယ်လို့ တောင်ကိုရီးယား က ပြောကြားလိုက်ပြီး မြောက်ကိုရီးယား ဝန်ထမ်းတွေ အမြန်ဆုံး ပြန်လာကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့လတုန်းက ဟနွိုင်မြို့မှာ အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေအကြား ထိပ်သီးဆွေးနွေးပွဲ မအောင်မမြင် ဖြစ်ခဲ့အပြီး ကိုးရီးယား နှစ်နိုင်ငံ ညှိနှိုင်းရေး ရုံးကနေ မြောက်ကိုရီးယားနိုင်ငံ နုတ်ထွက်သွားခဲ့တာပါ။

မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ အမေရိကန်၊ ညှိနှိုင်းရေးရုံး
ဓာတ်ပုံ ပုံစာ, တောင်ကိုရီးယား သမ္မတ မွန်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း

ကေဆွန်းမြို့မှာ အဲဒီ ညှိနှိုင်းရေးရုံးကို ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး တောင်နဲ့ မြောက်ကိုရီးယား တာဝန်ရှိပုဂ္ဂိုလ်တွေ ရုံးထိုင်ခဲ့ကြတာပါ။ အဲဒီရုံးမှာ ကိုရီးယား နှစ်နိုင်ငံက ဝန်ထမ်း ၂၀ လောက်စီ ချထားပါတယ်။

၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ရုံးစဖွင့်တုန်းက ဒါဟာ ကိုးရီးယား နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ထူးခြားတဲ့ ခြေလှမ်းတရပ် အဖြစ် ကြိုဆိုခဲ့ကြပါတယ်။ အရင်တုန်းကတော့ နှစ်နိုင်ငံအကြား fax ဒါမှမဟုတ် အထူးဖုန်းလိုင်းတွေကနေ ဆက်သွယ်ခဲ့ကြပြီး မကြာခဏ ဆိုသလို ဆက်ဆံရေး အဆင်မပြေ ဖြစ်တဲ့အခါမျိုးမှာ ဒီဖုန်းလိုင်းတွေကို ဖြတ်ပစ်ခဲ့ကြပါတယ်။

ညှိနှိုင်းရေးရုံး ဖွင့်ခဲ့တဲ့ အချိန်တုန်းက ဘယ်လိုကိစ္စမျိုးပဲ ဖြစ်ဖြစ်၊ တနှစ်ပါတ်လုံး ၂၄နာရီလုံးလုံး တိုက်ရိုက် ညှိနှိုင်း ဆွေးနွေးနိုင်ကြလိမ့်မယ်လို့ နှစ်နိုင်ငံပေါင်းစည်းရေး ဆိုင်ရာ တောင်ကိုရီးယား ဝန်ကြီးက ပြောခဲ့ပါတယ်။

ကိုးရီးယား နှစ်နိုင်ငံ ညှိနှိုင်းရေးရုံးကနေ မြောက်ကိုရီးယား နုတ်ထွက်သွားတာဟာ တောင်ကိုရီးယား သမ္မတအတွက်တော့ အကြီးအကျယ် ထိခိုက် ဆုတ်ယုတ်မှုကြီး တရပ်ပဲလို့ ဆိုးလ်မြို့က ဘီဘီစီ သတင်းထောက် လော်ရာ ဘစ်ကာ က သုံးသပ်ပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ မအောင်မမြင် ဖြစ်ခဲ့ရင်တောင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ သူ့ရဲ့ သံတမန်ရေး ဆက်ဆံမှုကတော့ ဆက်ရှိနေမယ်လို့ တောင်ကိုရီးယား သမ္မတ မွန်းက မျှော်လင့်ထားခဲ့တာပါ။

အခုလက်ရှိမှာတော့ အခြေအနေက မေးခွန်းထုတ်စရာ ဖြစ်နေပါပြီ။ အမေရိကန်နဲ့ မြောက်ကိုရီးယား ဆွေးနွေးပွဲတွေ ပြန်စနိုင်အောင် ကြားဝင် စေ့စပ်သူအဖြစ် သူစွမ်းဆောင်နိုင်မယ်လို့ သမ္မတ မွန်းက ယုံကြည်ထားခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ ဆွေးနွေးပြောဆိုဖို့ စိတ်ဆန္ဒ မရှိတဲ့ပုံ တွေ့ရပြီး သမ္မတမွန်းအနေနဲ့လည်း သမ္မတထရမ့်နဲ့ ကင်ဂျုံအွန်းတို့ကို ဆွေးနွေးပွဲ စကားဝိုင်းပေါ် ပြန်ခေါ်နိုင်မယ့် အရှိန်အဝါမျိုး ရှိမှာ မဟုတ်တော့ပါဘူး။

မြောက်ကိုရီးယား အစိုးရအနေနဲ့လည်း တောင်ကိုရီးယားနဲ့ ဘာအတွက် ဆွေးနွေးစရာ လိုတော့မှာလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ကောင်း ထုတ်မယ့်ပုံ ရှိပါတယ်။ ဟနွိုင်းမြို့ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင်တုန်းက တောင်နဲ့ မြောက် နှစ်နိုင်ငံအကြား စီးပွားရေး ဆက်ဆံရေး တိုးမြှင့်ဖို့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ စီမံကိန်း အတော်များများမှာ မြောက်ကိုရီးယား ပါဝင်နိုင်ဖို့အတွက် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ကင်းလွတ်ခွင့်ပြုရေး အမေရိကန်အစိုးရကို ပြောဖို့ တောင်ကိုရီးယားက မျှော်လင့်ထားတာပါ။ ဒါပေမယ့် သမ္မတထရမ့်ကတော့ ဒါဟာ လက်ခံနိုင်ဖွယ် မရှိဘူးလို့ ပြတ်ပြတ်သားသား ပြောထားပြီး ဖြစ်ပါတယ်။ အမေရိကန်ဖက်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်မရုပ်သိမ်းပေးဘဲနဲ့ တောင်ကိုရီးယား အစိုးရအနေနဲ့ ဘာမှ မလုပ်နိုင်ဘူးလို့ မြောက်ကိုရီးယား အစိုးရက မကြာသေးခင်က သတင်းစာတစ်စောင်ရဲ့ အယ်ဒီတာ့ အာဘော်မှာ ကောက်ချက်ချ ပြောသွားခဲ့ပါတယ်။

မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ အမေရိကန်၊ ညှိနှိုင်းရေးရုံး
ဓာတ်ပုံ ပုံစာ, အမေရိကန် မြောက်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲအတွက် ကင်ဂျုံအွန်း ဟနွိုင်းမြို့မှာ ရောက်ရှိခဲ့စဉ်

ကိုးရီးယား နှစ်နိုင်ငံ ညှိနှိုင်းရေး ရုံးကနေ နုတ်ထွက်ဖို့ မြောက်ကိုရီးယားရဲ့ ဒီဆုံးဖြတ်ချက်ဟာ တောင်ကိုရီးယား ပြည်သူတွေရဲ့ စိတ်ရှည် သည်းခံနိုင်စွမ်းကိုလည်း စမ်းသပ်မယ့် အနေအထားမျိုး ရှိနေပါတယ်။ မနှစ်တုန်းက တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီး ဆွေးနွေးပွဲအတွင်း ခေါင်းဆောင်နှစ်ဦး လက်ချင်းတွဲပြီး အကြီးအကျယ် လေလုံးထွားခဲ့ကြတာကို သူတို့ တွေ့ခဲ့ကြပါတယ်။ နှစ်ပေါင်း ၇၀ လောက် မျှော်လင့်ချက် အတုအယောင်တွေနဲ့ ကြုံခဲ့ရအပြီးမှာ ဒီတခေါက်တော့ ထူးခြားမှုတွေ ရှိလာလိမ့်မယ်လို့ အတော်များများက ယုံကြည်စ ပြုလာခဲ့ကြတာပါ။ ဒါပေမယ့် အခုတော့ မြောက်ကိုရီးယားက သူတို့ ပေးထားတဲ့ ကတိတွေကနေ ဖယ်ခွာသွားပါပြီ။ အခုလက်ရှိ အခြေအနေတွေ အရတော့ ငြိမ်းချမ်းရေး ရမယ့် အလားအလာက အတော့်ကို ဝေးနေသေးတယ်လို့ အတော်များများက ယူဆကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ ဟနွိုင်းမြို့ အမေရိကန် မြောက်ကိုးရီးယား ထိပ်သီး ဆွေးနွေးပွဲ ပြီးကတည်းက မြောက်ကိုရီးယားအစိုးရက နျူကလီးယားနဲ့ မစ်ဆိုင်း စမ်းသပ်မှုတွေ ပြန်စကောင်းစမယ်လို့ သတိပေး ပြောထားပါတယ်။

ထိပ်သီး ဆွေးနွေးပွဲမှာ အမေရိကန်အနေနဲ့ အခွင့်အလမ်းကောင်းကြီးတခုကို ရေစုန် မျှောပစ်ခဲ့တယ်လို့ မြောက်ကိုရီးယား လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ချွေဆန်ဟီး က အခုလ အစောပိုင်းမှာ ထုတ်ဖော် ပြောခဲ့ပါတယ်။

တချိန်တည်းမှာပဲ သမ္မတ ထရမ့်ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ အားလုံး ရုပ်သိမ်းပေးဖို့ ကင်ဂျုံအွန်းဖက်က တောင်းဆိုခဲ့တယ်။ အမေရိကန်ဖက်က လက်မခံနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် မစ္စ ချွေ ကတော့ မြောက်ကိုရီးယားဖက်က အရေးပါတဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှု ၅ ခုကိုပဲ ပြန်ရုပ်သိမ်းဖို့ ပြောခဲ့တာလို့ ဆိုပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယား အကြား သံတမန် ဆက်သွယ်ရေး ခုချိန်ထိ ရှင်သန်နေဆဲပဲလို့ အမေရိကန် အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေက အခိုင်အမာ ပြောနေပါတယ်။