တောင်ကိုရီးယား ဧရာမတောမီး အရေးပေါ် အခြေအနေ ကြေညာရ

ဓာတ်ပုံ ရင်းမြစ်, Handout/ Getty Images
နိုင်ငံသမိုင်းတလျောက် အကြီးဆုံး တောမီးတစ်ခု ဧပြီ ၅ ရက်က လောင်ကျွမ်းနေလို့ တောင်ကိုးရီးယား အစိုးရက အရေးပေါ် အခြေအနေ ကြေညာလိုက်ရပါတယ်။
တောမီးကြောင့် အနည်းဆုံး လူတစ်ယောက် သေဆုံးပြီး လူ ၄၀၀၀ ထက်မက ကယ်ဆယ်ခဲ့ရပါတယ်။
မီးငြှိမ်းဖို့ မီးသတ်သမားတွေကို စစ်သား တစ်သောင်းခွဲကျော်လည်း ကူညီခဲ့ရပါတယ်။ မီးဟာ မြောက်ကိုရီးယား နယ်စပ်နားက တောင်ထူထပ်တဲ့ နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသမှာ လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
မီးသတ်ကား အစီး ၈၀၀ နဲ့ ငြှိမ်းခဲ့ရတဲ့ တောမီးကြီးကို ထိန်းနိုင်နေပြီ ဖြစ်ပေမဲ့ တချို့နေရာတွေမှာ ဆက်လောင်နေတုန်းပါ။

ဓာတ်ပုံ ရင်းမြစ်, EPA
မီးဟာ မြို့တော် ဆိုးလ်ရဲ့ အရှေ့မြောက်ဘက်က ဂိုစောင်ပြည်နယ်နားက မီးအားပေးစက်ရုံက မီးပွားကနေ စပြီး ကြာသပတေး ညဉ့်နက်ပိုင်းမှာ စလောင်ခဲ့တယ်လို့ ယူဆရပါတယ်။
မီးလောင်တဲ့ နေရာဟာ မနှစ်တုန်းက ဆောင်းရာသီ အိုလံပစ် ကျင်းပခဲ့ရာ တောင်ထူတဲ့ ဒေသတဝိုက် ဖြစ်ပါတယ်။ လေပြင်းတွေ တိုက်ခဲ့လို့ မီးက မြန်မြန် ပျံ့သွားခဲ့ပါတယ်။ ပြီးတော့ မီးက ဆုတ်ချိုနဲ့ ဂန်နုန်မြို့တွေဘက်ကိုပါ ဆက်ပျံ့ခဲ့ပါတယ်။
















