မဲဆန္ဒရှင်သန်း ၉၀၀ ဆီ မဲပုံးတွေရောက်အောင် အိန္ဒိယမှာ ဘယ်လိုလုပ်သလဲ

About 900 million citizens can vote in this election
ဓာတ်ပုံ ပုံစာ, ဒီရွေးကောက်ပွဲမှာ နိုင်ငံသား သန်း ၉၀၀ က မဲပေးခွင့်ရှိတဲ့ သူတွေပါ
    • ရေးသားသူ, ပူဂျာ ချာဘရီယာ
    • ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှားအစီအစဉ်
  • ရေးသားခဲ့သည်။

ဆယ်စုနှစ် တစုကျော်လာပေမယ့်လည်း ဒီအလုပ်ကို သူတို့ ပုံမှန်လုပ်ဆောင်ပါတယ်။အိန္ဒိယရွေးကောက်ပွဲလုပ်ပြီဆိုရင် ရွေးကောက်ပွဲဝန်ထမ်းတွေက လူတယောက်တည်းနေတဲ့ သူရှိရာနေရာကို လာပြီး မဲထည့်နိုင်ဖို့ လုပ်ပေးပါတယ်။

အဲဒီသူက ဂူဂျာရက်ပြည်နယ်အတွင်းက ဂျာ ဆိုတဲ့ တောထဲမှာ နေပါတယ်၊ အဲဒီ တောကလည်း ခြင်္သေ့တွေတောင် ကျက်စားတဲ့ တောနက်နက်ပါ။

ရဲ ၂ ယောက်အခြံအရံနဲ့ မဲရုံဝန်ထမ်း ၅ ယောက် က အီလက်ထရွန်နစ် မဲပေးစက်ကိရိယာ အပါအဝင် မဲရုံသုံး ပစ္စည်းတွေ ယူပြီး သူ့ဆီကို သွားပါတယ်။

သူတို့ ခရီးဝေးနှင်လာပြီးတဲ့နောက် အသက် ၆၀ ကျော် အရွယ်ရှိပြီ ဖြစ်တဲ့ အဲဒီ တောထဲက တယောက်တည်းသော မဲပေးသူ ဂုရု ဘာရက်ဒတ်စ် ဒါရှန်ဒတ်စ် နေထိုင်ရာနေရာ နဲ့ ၂ ကီလိုမီတာ အတွင်းက နေရာတခုမှာ မဲရုံကို ဆောက်ကြပါတယ်၊ အဲဒါက မဲရုံစည်းမျဉ်းအတိုင်း လုပ်ရတာပါ။

တယောက်တည်းနေတဲ့ မဲဆန္ဒရှင်က ဒီတောထဲက ဘုရားကျောင်းတခုကို စောင့်ရှောက်နေတာပါ။ဂုရု ဘာရက်ဒတ်စ် က ဒီတောထဲက လမ်းတွေကို ပိုကောင်းစေချင်ပါတယ်၊ ဒါမှ ဘုရားဖူးချင်သူတွေ ပိုပြီး လာနိုင်မယ်လို့ သူမြင်ပါတယ်၊ "ဒါပေမဲ့ အာဏာပိုင်တွေက ဒီကိုလာပြီး မဲယူတာကို သိပ်ကြိုက်ပါတယ်၊ သူ့မဲပေးခွင့် ကို တလေးတစားရှိတယ်လို့လည်း ခံစားရပါတယ်" လို့ ဆိုပါတယ်။

ဟိမ၀န္တာမှသည် ကမ်းရိုးတန်းဆီသို့

ဒီဧပြီလ ၁၁ ရက်နေ့မှာ စတင်ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ သန်း ၉၀၀ ရှိပါတယ်။ ဒီအရေအတွက်က ကမ္ဘာ့လူဦးရေရဲ့ ၁၂ % ရှိပြီး ဒါဟာ ကမ္ဘာမှာ အကြီးမားဆုံးရွေးကောက်ပွဲပါ။

ပြည်နယ်ပေါင်း ၂၉ ပြည်နယ်နဲ့ ပြည်ထောင်စု နယ်မြေ ၇ ခုမှာ မဲရုံတွေစီစဉ်ရတာဖြစ်ပြီး အဲဒီနယ်မြေတွေထဲ နိုင်ငံမြောက်ပိုင်း ဟိမဝန္တာလို တောင်တန်းဒေသတွေပါပါတယ်။ မြောက်ဖက်နဲ့ အလယ်ပိုင်းက မြေပြန့်လွင်ပြင်တွေ၊ အနောက်ဖက်က သဲကန္တာရ၊ နိုင်ငံတဝန်း က တောဖုံးလွှမ်းတဲ့နေရာတွေ၊ နောက်ပြီး တောင်ပိုင်း က ကမ်းရိုးတန်းရှည်ရှည် တခုလုံး အဲဒီတွေအားလုံးလည်း ပါပါတယ်။

ဒီနေရာတွေအားလုံးလွှမ်းခြုံအောင် မဲရုံပေါင်း တသန်း ဖွင့်လှစ်ဖို့ စီစဉ်ရပါတယ်။ 'လွတ်လပ်၍မျှတသော ရွေးကောက်ပွဲ'ဆိုတဲ့ စံနမူနာအတိုင်း ရွေးကောက်ပွဲကော်မရှင်က အကောင်အထည်ဖော်ဖို့ ကြိုးစားတာပါ။

ဥပမာ တခုပြောရရင် မြောက်ပိုင်း ဟိမက်ချဲလ် ပရာဒတ်ချ် ပြည်နယ်က မဲရုံတွေဆိုရင် ပင်လယ်မြေမျက်နှာပြင် အထက် ၄,၄၀၀ မီတာအထက်မှာရှိပြီး မဲရုံဝန်ထမ်းတွေအနေနဲ့ မဲပေးမယ့်သူတွေဆီရောက်ဖို့ အနည်းဆုံး ကီလိုမီတာ ၂၀ ဝေးတဲ့ တောင်ပေါ်လမ်းကို လျှောက်ကြရပါတယ်၊ သူတို့နောက်ကျောမှာလည်း အောက်စီဂျင်ဘူးတွေ၊ အိပ်ရာလိပ်အိတ်တွေ၊ အစားအစာတွေ၊ ဓာတ်မီးတွေလည်း သယ်သွား ရပါတယ်၊ မဲပေးတဲ့ စက်လည်း ယူသွားရတာပေါ့။

နေရာစုံကိုရောက်ဖို့ သမိုင်းခေတ်ဦးက ပို့ဆောင်ရေးမှာသုံးတဲ့ ဆင်၊ ကုလားအုတ် စတာတွေ စီးသွားတာကအစ၊ လှေ၊ စက်ဘီး သုံးတာအလယ်၊ သင်္ဘော၊ ရထား၊ ရဟတ်ယာဉ်၊ လေယာဉ်တို့လို ခေတ်မီ ပို့ဆောင်ရေးယာဉ် တွေကို အသုံးချကာ သွားရပါတယ်။ရွေးကောက်ပွဲဝန်ထမ်းပေါင်း ဘယ်လောက် ရှိတယ်ထင်ပါလဲ၊ ၁၀ သန်းပါ၊ ဒါဟာ ဆွီဒင်နိုင်ငံရဲ့ လူဦးရေပါပဲ။

Every voter must be covered, whether on camel or a helicopter
ဓာတ်ပုံ ပုံစာ, မဲပေးတဲ့သူတိုင်းဆီ ရောက်နိုင်ဖို့ ကုလားအုတ် စီးလို့ဖြစ်ဖြစ်၊ ရဟတ်ယာဉ်စီးလို့ ဖြစ်ဖြစ် ရောက်အောင်သွားမှာပါ

မဲရုံကိုအကြမ်းဖက်သိမ်းတာကနေ မဲအတုတွေပေးတာတွေထိရှိ

သိပ်ရှုပ်ရှုပ်ထွေးထွေးနိုင်လှတဲ့ အခြေအနေတွေကိုလည်း မဲရုံဝန်ထမ်းတွေ ရင်ဆိုင်ရဖို့ အသင့်ပြင်ထားရပါတယ်။မြောက်ပိုင်းက ဘီဟာပြည်နယ်မှာ မဲရုံကို လူအုပ်စုက လာသိမ်းတာဖြစ်ဖူးပါတယ်၊ သူတို့က မဲပုံးထဲကို မဲအတုတွေ ထည့်ပြီး သူတို့ ပါတီကလူ မဲနိုင်အောင် လုပ်ကြပါတယ်။ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲပေးတဲ့ လုပ်ငန်းစဉ်အဆင့်ပေါင်း ၆ ဆင့် ဒါမှမဟုတ် ၇ ဆင့်လောက်ခွဲရပါတယ်၊ ဒါမှ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ မဲရုံလုံခြုံရေးကို စိတ်ချရအောင် လုပ်နိုင်မှာပါ။

တဖက်မှာလည်း ဒီလိုလုပ်လိုက်တာက မဲလာပေးသူအရေအတွက်ကို လျော့ကျသွားစေပါတယ်၊ အခု အီလက်ထရွန်နစ်မဲပေးစက် ရှိလာတော့ ဒီပြသနာကို အတော်ကျော်လွှားနိုင်ပါတယ်။ဒီလိုသတိထား ကိုင်တွယ်တာတွေ ရှိတာတောင် မဏိပူရပြည်နယ်မှာ တယောက်က မဲဘယ်လိုပေးခဲ့သလဲဆိုတော့ သူ အကြိမ်ပေါင်း ၆၀ ကျော် မဲပေးတာကိုတွေ့ရတာပါ၊ အဲဒီသူက အမျိုးသမီးဖြစ်ပြီး သူ့မျက်နှာကို အမျိုးမျိုး ပြောင်းကာ မဲကို အကြိမ်ကြိမ် လာပေးခဲ့တာပါ။ မျက်နှာကို မှတ်မိစေတဲ့ နည်းပညာနဲ့ ပြန်ကြည့်လို့သာ ဒီအမျိုးသမီး အဲဒီလိုလုပ်ခဲ့တာကို သိကြရတာပါ။

ဘယ်လိုပဲ ကြိုတင်ပြင်ဆင်တာတွေ လုပ်ခဲ့လုပ်ခဲ့၊ ရွေးကောက်ပွဲနဲ့ ဆက်နွယ်တဲ့အကြမ်းဖက်ရန်ပွဲတွေ၊ တိုက်ခိုက်ပွဲတွေက အများအပြားဖြစ်ခဲ့သလို အသက်ဆုံးရှုံးတာတွေ ကလည်း ဖြစ်ခဲ့ပါတယ်၊ ၂၀၁၄ ရွေးကောက်ပွဲတုန်းက ဒီလိုအဖြစ်တွေ အကြိမ်များစွာ ဖြစ်ခဲ့ပြီး အဆိုးဆုံးဖြစ်ခဲ့တဲ့ ပြည်နယ်တွေ ကတော့ ကက်ရှ်မီးယား၊ ဂျာခန်နဲ့ အာသံပြည်နယ်တွေမှာ ဖြစ်ခဲ့ပါတယ်။

ရွေးကောက်ပွဲက နေ့ပေါင်းများစွာ

ဒီနှစ် အိန္ဒိယရွေးကောက်ပွဲက သီတင်းပတ် ၆ ပတ်ကြာအောင်ကျင်းပ ပါလိမ့်မယ်၊ အောက်လွှတ်တော် နေရာ ၅၄၃ နေရာ အတွက်ယှဉ်ပြိုင်ကြမယ့် ရွေးကောက်ပွဲပါ။ရွေးကောက်ပွဲမစခင် သက်ဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ နိုင်ငံတဝန်းကမဲရုံတွေဆီကို အီလက်ထရွန်နစ် မဲပေးစက်တွေကို ပို့ရမယ်။

သက်ဆိုင်ရာ မဲပေးမယ့်နေရာတွေမှာ မဲပေးဖို့ရက်ကို သတ်မှတ်ရပါမယ်၊ ဒီလိုသတ်မှတ်ရာမှာ ဒေသခံတွေရဲ့ ရိုးရာပွဲတော်နေ့တွေမဖြစ်စေဖို့၊ စာမေးပွဲတွေ၊ ရာသီ သီးနှံရိတ်သိမ်းချိန်တွေ၊ ရာသီဥတု ဆိုးမယ့်နေ့တွေ မဖြစ်စေဖို့ လည်း သတိထားရွေးရပါတယ်။

ဖျက်ဖို့ခက်တဲ့ အထူးမင် တမျိုးကိုလည်း ကြိုတင်မှာထားရပါမယ်၊ ဒါက မဲပေးပြီးသူရဲ့ လက်ခေျာင်းတချောင်းမှာ သုတ်လိမ်းပေးဖို့ဖြစ်ပြီး ဒါမှ မဲတွေ ထပ်ထပ်ပေးတာကို ကာကွယ်နိုင်မှာပါ။နောက်ပြီး ရွေးကောက်ပွဲအမတ်လောင်းတွေရဲ့ သက်ဆိုင်ရာ နိုင်ငံရေးပါတီကို ကိုယ်စားပြုတဲ့ သင်္ကေတတွေကို စီစဉ်ထားရတာပါ၊ မဲဆန္ဒရှင်တွေ အနေနဲ့ သူတို့ပေးချင်တဲ့ အမတ်လောင်းကို မြန်မြန်ရှာနိုင်ဖို့ပါ၊ ဒီလို သင်္ကေတ စီစဉ်တာကို ၁၉၅၁ နှစ်ကုန်ပိုင်းလောက်မှာ လုပ်ခဲ့တဲ့ အိန္ဒိယရဲ့ ပထမဆုံးရွေးကောက်ပွဲ ကတည်းက စပြီး လုပ်ခဲ့ကြတာပါ၊ အဲဒီတုန်း က မဲဆန္ဒရှင် ၈၄% က စာမတတ်ကြပါဘူး။

ဒီရွေးကောက်ပွဲရဲ့ ရလဒ်တွေကိုတော့ မေလ ၂၃ ရက်ကျမှ သိကြရမယ်လို့ ဆိုပါတယ်။

Symbols of political parties are usually daily objects that the common man can identify with
ဓာတ်ပုံ ပုံစာ, နိုင်ငံရေးပါတီ သင်္ကေတတွေက သာမန်လူတွေမဲပေးနိုင်ဖို့အတွက် အကူအညီဖြစ်ပါတယ်