ဂိမ်း အော့ဖ် သရုဏ်း နဂါး တကောင်ရဲ့ ဖန်တီးမှု ကုန်ကျစရိတ် ဘယ်လောက်လဲ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, အာမန် ကန်ဂျဝါ
- ရာထူးတာဝန်, ဘီဘီစီ
- ရေးသားခဲ့သည်။
စာရေးဆရာ ဂျော့ဖ် အာ အာ မာတင် ရဲ့ စာအုပ် ကို ဖန်တီး ထားတဲ့ ဂိမ်း အော့ဖ် သရုဏ်း ဟာ နောက်ထပ် ဇာတ်လမ်းတွဲ နှစ်ခုသာ ထုတ်လွှင့်ဖို့ ကျန်ရှိပြီး ဒါပြီးရင် အောင်မြင် တဲ့ ရုပ်သံ စီးရီး အစီအစဉ် အဆုံးသတ်ပြီလို့ ထုတ်လုပ်သူတွေက ပြောကြပါတယ်။
လက်ရှိ အချိန်မှာတော့ နောက်ဆုံး စီးရီး ၈ ရဲ့ လေးခုမြောက် ဇာတ်လမ်းတွဲကို ထုတ်လွှင့် တင်ဆက် ခဲ့ပြီးပါပြီ။ အဲဒီနောက်မှာ အပြောင်းအလဲ မြန်ဆန် လွန်းတဲ့ ဒီ ဇာတ်လမ်းတွဲ ဘယ်လို အဆုံးသတ်မလဲ ဆိုတာ ကို လူတွေက စိတ်ဝင်တစား ရှိနေကြပါတယ်။
Google မှာလည်း ဒီဇာတ်လမ်းတွဲ အကြောင်း ကို လူတွေ က အများ ဆုံး ရှာဖွေ နေပါတယ်။ ကြည့်ရှုသူ ပရိသတ်တွေ အများဆုံး ရှာဖွေ နေတဲ့ အကြောင်း အရာ တွေ ကို ဖော်ပြ ပေးလိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁။ မာဆန်ဒေ ဘာပြောခဲ့လဲ။
မာဆန်ဒေ ဟာ နဂါး ဘုရင်မ ဒနဲရစ်ရဲ့ အခင်မင် ရဆုံး အနီးကပ် အကြံပေးပါ။ သူဟာ လေးခုမြောက် ဇာတ်လမ်း တွဲမှာတော့ သူဟာ ခုနစ်ပြည်ထောင် ဘုရင်မ ဆာဆီ ရဲ့ သတ်ဖြတ်မှု ကြောင့်သေဆုံး သွားခဲ့ပါပြီ။
သူ့ကို မကွပ်မျက်ခင် အချိန်ပိုင်း လေးမှာ သူက ဘာပြောသွားလဲ။
'ဒရာကားရစ်' လို့ ခေါ်တဲ့ နဂါးတို့ အသုံးအနှုန်း ကို ပြောဆို လိုက်ပါတယ်။ အဲဒါ က နဂါး ဘုရင်မ ဒနဲရစ်ပဲ ပြောလေ့ ရှိတဲ့ စကားလုံးပါ။
သူက ဘာလို့ သုံးနှုန်းလိုက်တာလဲ ဆိုတော့ ရန်သူ ကို မီးရှို့ပြီး လက်စတုံးပါ လို့ ပြောဆို ခဲ့တာဖြစ်ပါတယ်။
မာဆန်ဒေက သူ အသက်မရှင် နိုင်တော့ဘူး ဆိုတာကို သိပြီးတဲ့ နောက်မှာ King's landing ကို မီးလောင် တိုက်သွင်းပါလို့ သူ့ဘုရင်မ ကို သတင်းစကား ပါးလိုက်တာ ဖြစ်တယ်လို့ ရုပ်သံ ဇာတ်လမ်း ဖန်တီးသူ ဒေးဗစ် ဘန်နီအော့ဖ်က ပွဲအပြီး အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂။ ဒရာကားရစ် ဆိုတာ ဘာကိုဆိုလိုသလဲ။
ဗယ်လာရီတို့ ဘာသာစကားနဲ့ ဆိုရင် နဂါးကို အမိန့်ပေးတာပါ။ ဒီဇာတ်လမ်းတွဲ တခုလုံး ရဲ့ အရေးပါတဲ့ မိန့်ကြားချက်ပါ။
ဒီအမိန့်ပေးသံကြားရင် နဂါးတွေက မီးတွေ မှုတ်ထုတ်ပြီး ရန်သူကို ချေမှုန်းပါတယ်။
မာဆန်ဒေ မသေခင်မှာ ဒီစကား ပြောခဲ့တာဟာ နဂါးတို့ ဘုရင်မ အနေနဲ့ မပျော့ညံ့ပါနဲ့ လို့ ဆိုလိုက်တာလည်း ဖြစ်ပါတယ်။
ဒနဲရစ်ဟာ သူ့အဖေ ဘုရင်ဟောင်း လို မရက်စက်ဘူး ဆိုတာကို ပြသလိုတဲ့ အတွက် ရန်သူ ကို အမြဲ အညံ့ခံ လက်နက်ချ ခိုင်းလေ့ ရှိပါတယ်။ ဒါမှလည်း သူက ခုနစ်ပြည်ထောင် ကို အုပ်ချုပ်တဲ့ အခါမှာ အပြစ်ကင်းသူ ကို မသတ်ဘူး ဆိုတဲ့ ဂုဏ်ပုဒ် ကို ရရှိမှာ ဖြစ်တယ်လို့ စိတ်ထဲမှာ တွေးထင်ထားသူပါ။
ဒီလို နဂါးဘုရင်မရဲ့ ရန်သူကို ညှာတာလိုတဲ့ စိတ်ကို ပြောင်းလဲပါလို့ မာဆန်ဒေက သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၃။ ဇာတ်လမ်းတွဲ လေးခုမြောက်မှာ ဘယ်သူတွေသေခဲ့သလဲ။
ဘုရင်မ ဒနဲရစ် ရဲ့ အချစ်ဆုံးသူ မာဆန်ဒေ ခေါင်းဖြတ်ခံရပြီးပြီ ဆိုတာ ပရိသတ် တွေ သိပါတယ်။
သူသေဆုံးပြီးတဲ့နောက် နဂါးဘုရင်မ ဒနဲရစ်မှာ အနီးကပ် တိုင်ပင်စရာ အဖော်မရှိတော့ဘူး ဆိုပြီး လူတွေက အသနားပိုပါတယ်။
နောက်ထပ် လူတွေ ပြောဆို နေတဲ့ အကြောင်း ကတော့ ရေဂဲလ် နဂါး တစ်ကောင် သေဆုံး သွားရတဲ့ အကြောင်းပါပဲ။
ဒီနဂါးကြီးကိုတော့ ယူယွန် ဂရေးဂျွိုင်း က ကြီးမားတဲ့ သံမြားကြီးနဲ့ ပစ်ပြီး သတ်ဖြတ် ခဲ့တာဖြစ်ပါတယ်။
နဂါးကြီး ပင်လယ်ရေအောက် နစ်မြှုပ်ပြီး သေသွားတဲ့အခါမှာ Iron throne ကို ဒနဲရစ် ရယူ နိုင်ပါ့မလား ဆိုတာ ပရိသတ်တွေက မေးခွန်း ထုတ်ကြပါတယ်။
အခုတော့ နောက်ဆုံး စီးရီးရဲ့ ဇာတ်လမ်းတွဲ လေးခုမြောက်မှာ နောက်ထပ် နဂါး တစ်ကောင် ထပ် မံ သေဆုံးသွားပြီ ဆိုတော့ ဇာတ်လမ်း အစပိုင်းတုန်း ပါဝင်ခဲ့တဲ့ နဂါး သုံးကောင်မှာ တစ်ကောင်ပဲ အသက်ရှင်လျှက် ကျန်ရှိပါတော့တယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၄။ လက်ရှိ အချိန်အထိ ဇာတ်လမ်း အကျဉ်း
နောက်ဆုံး စီးရီး ရဲ့ ဇာတ်လမ်းတွဲ လေးခု အပြီးမှာတော့ King's Landing နေပြည်တော် ကို ဒနဲရစ် ရဲ့ တပ်ပေါင်းစု က ဝန်းရံ ထားလိုက်ပါပြီ။
တီရီယွန် ဟာ သူ့အစ်မ ဆာဆီကို လက်နက်ချဖို့ ဖျောင်းဖျ ပေမယ့် သူ့ရဲ့ ပြောဆိုမှုဟာလည်း မအောင်မြင်ပါဘူး။
ဂျွန် စနိုး ဟာ နဂါးတို့ ရဲ့ အနွယ် ပြီးတော့ ဘုရင် ဖြစ်ထိုက်သူ၊ နက် စတာ့ခ် ရဲ့ သားအရင်း မဟုတ်ဘူး ဆိုတာကို အာယာ နဲ့ ဆန်ဆာ တို့က သိထားပြီးပါပြီ။
ဆန်ဆာ က တီရီယွန် ကို ဂျွန် စနိုး ရဲ့ အကြောင်း ပြောဆို ခဲ့သလို တီရီယွန် ကလည်း ဗယ်ရီး ကို ပြောပြ လိုက်ပါတယ်။
ဆိုတော့ မကြာခင်မှာ ဂျွန်စနိုး ရဲ့ အကြောင်း ကို လူတိုင်း နီးပါး လောက် သိရှိတော့မှာပါ။ အကယ်၍ King 's Landing ကို ဒနဲရစ် ရဲ့ တပ်ပေါင်း စုက အနိုင် ရရှိတဲ့ အခါမှာ နဂါး ဘုရင်မကပဲ ဆက်ပြီး ဘုရင်မ ဖြစ်မလား။
ဒါမှမဟုတ် ဂျွန် စနိုးကိုပဲ လူတွေက ဘုရင် အဖြစ် တင်မြှောက်ကြမလား ဆိုတာ ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images




















