အိန္ဒိယမှာ တိဘက်နွား အကောင် ၃၀၀ နှင်းတောထဲ ပိတ်မိ

တိဗက်နွား
ဓာတ်ပုံ ပုံစာ, သူတို့ဆီ အစာသွားပို့ဖို့ အစိုးရက ကြိုးစားပေမယ့် ရာသီဥတု ဆိုးလို့ မပို့နိုင်ခဲ့
ရေးသားခဲ့သည်။

တရုတ်-အိန္ဒိယ နယ်စပ် တစ်နေရာမှာ နှင်းတွေ ဆိုးဆိုးရွားရွားကျ နေလို့ အမွေးရှည် တိဘက်နွား အကောင် ၃၀၀ လောက် နှင်းတောထဲပိတ်မိနေပြီး အစာပြတ်လပ်မှုကြုံတွေ့နေရပါတယ်။

အိန္ဒိယ အရှေ့မြောက်ပိုင်း စစ်ကင်းပြည်နယ်မှာ နွားတွေပိတ်မိနေတာဖြစ်ပြီး အဲဒီထဲကနေ သေဆုံးသွားတဲ့နွားတွေကို တွေ့ရတယ်လို့ အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီမှာ နွားတွေပိတ်မိနေတာ ဒီဇင်ဘာလကတည်းက ဖြစ်ပါတယ်။ အာဏာပိုင်တွေက နွားတွေရှိရာဆီကို ရဟတ်ယာဉ်နဲ့ အစာတွေသွားချပေးဖို့ လုပ်ပေမယ့် ရာသီဥတု ဆိုးနေလို့ ပို့လို့မရခဲ့ဘဲ ဖြစ်ခဲ့ပါတယ်။

အမွေးရှည် တိဘက်နွားတွေကို အဲဒီဒေသမှာ မွေးမြူထားတာ နှစ်ပေါင်းထောင်ချီနေပြီဖြစ်ပြီး သူတို့ကို နို့နဲ့ အသားထုတ်ဖို့အပြင် ကုန်စည်ပို့ဆောင်ပို့ဆောင်ဖို့အတွက်လည်း သုံးကြပါတယ်။

အဲဒီကိုသွားတဲ့ လမ်းကြောင်းက ပြီးခဲ့တဲ့ ငါးရက်လောက်က ရှင်းသွားလို့ သူတို့ကို လိုက်ရှာတဲ့အခါမှာ အခုလို ဖြစ်နေတာတွေကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

နွားအသေကောင်တွေကို စစ်ကင်း ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ မူကူသန်းတောင်ကြားမှာ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ပုံမှန်ဆိုရင် အဲဒီအမွေးရှည် တိဘက်နွားတွေ တစ်နှစ်ကို ၁၀ ကောင် ကနေ ၁၅ ကောင်လောက် သေဆုံးလေ့ရှိပေမဲ့ ဒီနှစ်ကတော့ သေဆုံးမှု စံချိန်တင် အများဆုံး ဖြစ်ခဲ့ပါတယ်။

သူတို့ကိုကယ်ဖို့လုပ်နေဆဲ ဖြစ်ပြီး ပိတ်မိနေတဲ့ နေရာမှာ နွားအကောင် ၅၀ လောက် အသက်ရှင်နေသေးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သူတို့ကို မွေးမြူထားတဲ့ ပိုင်ရှင်တွေကိုတော့ အစိုးရက လျော်ကြေးအထောက်အပံ့ပေးမှာ ဖြစ်ပါတယ်။ နွားတစ်ကောင်အတွက် အမေရိကန် ဒေါ်လာ ၄၃၀ လောက် ပြန်ရမှာ ဖြစ်ပြီး တစ်မိသားစုကို အများဆုံး သုံးကောင်အတွက် ပေးမှာ ဖြစ်ပါတယ်။

A map showing the state of Sikkim in northeast India, on the border with China, Nepal and Bhutan