အစိုးရ စာချုပ်တွေအကြောင်း ဆွေးနွေးနေတဲ့ ဗီဒီယိုခိုးရိုက်ခံရတဲ့ သြစတြီးယား ဒုဝန်ကြီးချုပ် နုတ်ထွက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အစိုးရ စီမံကိန်း စာချုပ်တွေ ချပေးမယ်ဆိုတဲ့ အကြောင်း ဆွေးနွေးနေတဲ့ ဗီဒီယို ထွက်ပေါ်လာပြီး နောက်တစ်ရက်မှာ သြစတြီးယား ဒုဝန်ကြီးချုပ် ဟိုင့်ဇ် ခရစ်တီယန် စထရက်ဟာ ရာထူးကနေ မေလ ၁၈ ရက်နေ့မှာ နုတ်ထွက်လိုက်ပါတယ်။
ဗီဒီယိုထဲမှာ မစ္စတာ စထရက်ဟာက ရုရှားရင်းနှီးမြှုပ်နှံသူဆိုသူနဲ့ အစိုးရ စာချုပ်တွေအကြောင်း ဆွေးနွေးနေပြီး အပြန်အလှန်သဘောနဲ့ သူ့ရဲ့ရွေးကောက်ပွဲ မဲဆွယ်ပွဲကို ထောက်ပံ့ပေးဖို့ ပြောနေတာ ပါရှိပါတယ်။
သူဦးဆောင်တဲ့ လက်ယာစွန်း လွတ်လပ်မှု ပါတီကို တရားမဝင် လှူဒါန်းတာတွေလုပ်ဖို့ လမ်းကြောင်းပေးနေတာကိုလည်း တွေ့ရပါတယ်။
အခု သူနုတ်ထွက်တဲ့ သူ့နေရာကို ပို့ဆောင်ရေးဝန်ကြီး နောဘတ် ဟော့ဖာနဲ့ အစားထိုးမယ်လို့ ဝန်ကြီးကပြောပါတယ်။
သူလုပ်ခဲ့တာတွေက မိုက်မဲပြီး တာဝန်မဲ့တဲ့လုပ်ရပ်တွေလို့ သူက ပြောပါတယ်။ အစိုးရ ပုံရိပ်ကို နောက်ထပ် မထိခိုက်အောင် ရာထူးကနေ ထွက်တာလို့လည်း သူက ပြောပါတယ်။
နိုင်ငံရေးတိုက်ခိုက်မှုရဲ့ ဓားစာခံ ဖြစ်ခဲ့ရတာလို့လည်း သူကဆိုပါတယ်။
သူ့ပါတီနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ထားတဲ့ သြစတြီးယား ဝန်ကြီးချုပ် စဘတ်ရှန်ခူးစ်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စနေနေ့မှာ ကြေညာချက်ထုတ်မှာ ဖြစ်ပါတယ်။
အဲဒီလို သူ့ကို ရာထူးကနေ နုတ်ထွက်စေခဲ့တဲ့ အထိ ဖြစ်ခဲ့တဲ့ ဗီဒီယိုကို ၂၀၁၇ ခုနှစ်မှာ စပိန်နိုင်ငံက အီဘစ်ဇာ ကျွန်းမှာ သူမသိအောင် ရိုက်ထားခံရတာ ဖြစ်ပါတယ်။ အဲလို ရိုက်ထားတဲ့အချိန်ဟာ သူရွေးကောက်ပွဲမှာ အောင်ပွဲ ခံပြီး အာဏာမရခင် လပိုင်းအလို ဖြစ်ပါတယ်။
အဲလို သူပြောဆိုထားတဲ့အကြောင်းကို သောကြာနေ့မှာ ဂျာမန် သတင်းစာတွေ ဖြစ်တဲ့ Der Spiegel နဲ့ Süddeutsche Zeitung တို့က ပူးပေါင်းပြီး အွန်လိုင်းကနေ ထုတ်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ တွေ့ဆုံခဲ့မှုကို ဘယ်သူက စီစဉ်ပြီး ဘယ်သူက ရိုက်ထားတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ဗီဒီယိုထဲမှာ ဝန်ကြီးရယ် သူ့ပါတီဝင်နောက်တစ်ယောက်ရယ်က ရုရှားက သြဇာကြီးတဲ့ သူဌေးကြီး တစ်ယောက်ရဲ့ တူမဖြစ်သူလို့ပြောတဲ့ အမျိုးသမီးတစ်ယောက်နဲ့ စကားပြောနေကြတာကို တွေ့ရပါတယ်။ အဲဒီ အမျိုးသမီးက သြစတြီးယားမှာ လာရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေတဲ့အကြောင်း ပြောပါတယ်။
အဲလိုပြောနေချိန်မှာ ဝန်ကြီးတို့နှစ်ယောက်ကတော့ ဆိုဖာပေါ်မှာ သက်သောင့်သက်သာထိုင်ပြီး ယမကာသောက်လိုက် စီးကရက်သောက်လိုက် လုပ်နေတာကို တွေ့ရပါတယ်။
အဲဒီ အမျိုးသမီးက သြစတြီးယားက Kronen-Zeitung သတင်းစာရဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ဝယ်ဖို့ ကမ်းလှမ်းပြီး အဲဒီ့သတင်းစာရဲ့ နိုင်ငံရေးထောက်ခံမှုကို လွတ်လပ်မှုပါတီကို ပြောင်းပေးမယ်လို့ ပြောပါတယ်။
မစ္စတာ စထရက်ဟာက ဆက်ပြီး အဲဒီသတင်းစာကနေ ဖယ်ရှားပစ်နိုင်မယ့် သတင်းသမားတချို့ရဲ့ နာမည်တွေကို ပြောပါတယ်။
သူက ဆက်ပြီးတော့ အစိုးရကလုပ်မယ့် စီမံကိန်း စာချုပ်တွေကို အဲဒီ အမျိုးသမီးရနိုင်မယ်လို့လည်း ပြောပါတယ်။



















