အာရှ ရဲ့ နာမကျန်းမှု အမြင့်ဆုံး လူသား

စကော့တလန် လူမျိုး စတီဗင် ကယ်မရွန်ဟာ အာရှတိုက်က ဗီယက်နမ်နိုင်ငံကို ရောက်တဲ့အခါမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး နှစ်လကြာ သတိလစ် မေ့မြောခဲ့ရာက ပြန်လည် သတိလည်ခဲ့လို့ ပြောစမှတ် ဖြစ်ခဲ့တဲ့ အကြောင်း ကို လူအများ သတိထားဖြစ်အောင် ပြန်ပြောပြပါတယ်။
သူဟာ ကီလိုမီတာ တစ်သောင်း ကွာဝေးတဲ့ ဗီယက်နမ် နိုင်ငံဆီကို စကော့တလန် ကနေရောက်သွားပြီး သူ့အသက်ကို အသက်ရှူစက် တပ်ဆင်ထားရင်း ပြန်လုခဲ့ရတဲ့ အဖြစ်ပါ။
သူ ခံစားရတဲ့ ဝေဒနာတွေကို ပြောပြရာမှာ သွေးခဲခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း နဲ့ အဆုတ်ပါထိခိုက်သွားလို့ ဆရာဝန်တွေက အသက်ရှင်နိုင်ရေးက ၁၀ ရာခိုင်နှုန်းပဲ ကျန်တော့တယ်လို့ တွက်ထားတဲ့အတွက် အာရှရဲ့ နာမကျန်းအဖြစ်ဆုံး လူသား အဖြစ် သတ်မှတ်လိုက်တာကို အာဏာပိုင်တွေကရော မီဒီယာကပါ စောင့်ကြည့်ခဲ့ကြတာပါ။
အသက် ၄၂ နှစ် အရွယ် မစ္စတာ ကယ်မရွန်ကသာ ဗိုင်းရင်စ် ကူးစက်ခံရလို့ သေကောင်ပေါင်းလဲဖြစ်တာပါ။ အဲဒီအချိန်က ဗီယက်နမ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု မရှိသေးပါဘူး။ ဒါကြောင့် လူနာ ၉၁ အဖြစ် သူ့ကို သတ်မှတ်ထားပါတယ်။

ဒါကြောင့်မို့ စကော့တလန် ပြန်ရောက်လာတဲ့ အခါမှာ ဗိုင်းရပ်စ်ကို တိုက်ဖျက်လို့ မရသရွေ့ ဘယ်လောက်အထိ ဒုက္ခပေးနိုင်တယ် ဆိုတာကို မမေ့ဖို့ သူ့အဖြစ်နဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်။
ဗီယက်နမ်ဟာ အထူးကြပ်မတ်မှု ပြုထားလို့ ဗိုင်းရပ်စ်ပျံ့နှံ့နေပြီလို့ သတင်းထွက်ချိန် ရက်ပေါင်း တစ်ရာနီးပါးမှာ ဒေသတွင်းကူးစက်မှု အသစ်မရှိခဲ့ဘဲ ဒါနန်း ဆိပ်ကမ်းမြို့မှာသာ လေးယောက်ကူးစက်မှုရှိတာ တွေ့ကြရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Cho Ray Hospital
မစ္စတာ ကယ်မရွန်ဟာ ကိုမာဝင် မေ့မြောနေတဲ့ အချိန်အတွင်းမှာ အသက်ရှုစက် နဲ့ အသက်ဆက်ခဲ့ရတာပါ။ ဒီစက်ဟာ လူနာရဲ့ သွေးကို ခန္တာကိုယ်ထဲက ထုတ်ယူပြီး အောက်စီဂျင်နဲ့ရောနှောစေပြီးမှ ကိုယ်ထဲ ပြန်သွင်းပေးခဲ့တာပါ။
သူအခုလို အသက်သေမတတ် ဖြစ်တာကို ယူကေ နိုင်ငံခြားရေးဌာနက ပြောတဲ့အတွက် သူငယ်ချင်း ဖြစ်သူ ခရက်ကလည်း စတော့တလန်မှာ ပြင်ဆင်စရာ ရှိတာကို ပြင်ထားနှင့်ပါပြီ။
အခေါင်းနဲ့ ပြန်ရောက်လာမယ့် အလောင်းလို့ သဘောထားပြီး မစ္စတာ ကယ်မရွန်နေတဲ့ အခန်းကိုတောင် ပြန်အပ်လိုက်တဲ့အကြောင်း ပြီးခဲ့တဲ့ ဇွန်လက ဟိုချီမင်းဆေးရုံထက်ကနေ သူက ဘီဘီစီကို ပြောပြပါတယ်။
ကံကောင်းလို့ အဆုတ်နှစ်ခုစလုံး အစားထိုးကုရမယ့် ခွဲစိတ်မှုက သီသီလေး လွတ်ခဲ့ပါတယ်။
ဒါပေမဲ့ မစ္စတာ ကယ်မရွန်က ဗီယက်နမ်မှာ အခုလို ဖြစ်တာ ကံကောင်းတဲ့ အကြောင်း ပြောပါတယ်။
လူဦးရေ ၉၅ သန်းရှိတဲ့နိုင်ငံမှာ ကိုဗစ်နိုင်တင်းကြောင့် ကူးစက်ခံရသူ ၄၂၀ ရှိပေမဲ့ သေဆုံးသူ မရှိတာကို ရည်ညွှန်းပြောတာပါ။ တခြားနေရာ မှာဆို သေဖွယ်ရာပဲလို့ ဆိုပါတယ်။ ဗီယက်နမ် ပြည်သူတွေ မေ့မရနိုင်တဲ့ လူသားဖြစ်ခဲ့တာကို ဂုဏ်ယူမိသလို သူတို့လက်ထဲ မသေစေလိုတဲ့ ဆရာဝန် တွေ ကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
စကော့တလန်ကို ပြန်ရောက်တဲ့ အခါမှာ သူ့ကို ဆက်လက် ကုသပေးတဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ အထူးကု ဆရာဝန်ကြီး ဒေါက်တာ မာနစ်ရှ် ပတေးက ဆိုရင် ကိုမာ အကြာကြီးဝင်နေသူ ပြန်ရှင်လာတာဟာ အံ့မခန်းဖွယ် လို့ မှတ်ချက်ပြုပါတယ်။ မစ္စတာ ကယ်မရွန် ဟာ ကိုမာ ဝင်ရာက ပြန်သတိရလာပေမဲ့ လေဖြတ်ခံရသလို လမ်းတောင်ပြန်လျှောက်နိုင်ပါ့မလားလို့ တွေးပူခဲ့တာပါ။
အခုတော့ ကိုဗစ်နိုင်တင်း အသစ် တစ်ကျော့ပြန်လာလို့ ဗီယက်နမ် အာဏာပိုင်တွေ စိုးရိမ်စပြုနေပါပြီ။ ဒါနန်းမြို့မှာ လူနာ လေးဦး တွေ့လို့ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဝန်ကြီးချုပ် ငုရင်ဆွန်ဖါခ့်က စည်းကမ်းချက် အသစ်တွေ ချမှတ်ပြီး မြို့ တွင်း ဧည့်သည် အဝင်မခံတော့သလို ရောက်နေသူတွေကို လည်းပြန်လွှတ်လိုက်ပါပြီ။



















