ရခိုင်- မြေပုံ ကြပ်စင်ကျွန်းနား စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေပြော

မြေပုံ
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဝက်ခေါင်းကျေးရွာအနီးမှာ ဧပြီ ၁၃ ရက် သင်္ကြန်အကြို့နေ့မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ အေအေတို့အကြား တိုက်ပွဲငယ်တစ်ခု ဖြစ်ပွားခဲ့ကြပါတယ်။

လတ်တ‌လောမှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ အဲ့ဒီနေရာအနီးဝန်းကျင်တွေမှာ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေတယ်လို့ မြေပုံမြို့ခံတွေက ပြောဆိုကြပါတယ်။

လက်ရှိမှာတော့ သင်္ကြန်ရက်တွေအတွင်းဖြစ်တာကြောင့် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားတာမရှိဘဲ တည်ငြိမ်နေသလို နှစ်ဖက်တပ်တွေအကြားတင်းမာမှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံကျေးရွာသားတွေလည်း ကျေးရွာအပြင်တွေကို သွာလာမှုတွေပြုလုပ်ရဲကြတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြတဲ့ တောင်ကုန်းမှာ စစ်ကောင်စီတပ်တွေ ဆက်ရှိသေးသလားဆိုတာကိုလည်း မသိရသေးဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

"မနေ့ကတော့ စစ်ကောင်စီဘက်က နေဗီတစ်စီးနဲ့ လူအင်အား လက်နက်အင်အားတွေတင်ဆောင်ပြီး မြေပုံဘက်ကို ထွက်လာနေတယ်လို့တော့ သတင်းကြားနေရတယ်။ ဘယ်နေရာမှာ ရောက်ရှိနေတယ်ဆိုတာ မသိရသေးဘူး။ ရွာသားတွေကလည်း အပြင်မထွက်ရဲမသွားလာရဲကြတော့ ဘယ်လိုဖြစ်နေလဲ မသိဘူး"လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

၁၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြတဲ့ တိမ်ကျားဗိုလ်စေတီတောင်ဟာ ဝက်ခေါင်းကျေးရွာနဲ့ ဒဂုံကျေးရွာအကြားမှာတည်ရှိပြီး မြေပုံ-မင်းပြားကားလမ်းနံဘေးနေရာမှာရှိနေတာကြောင့် မင်းပြား၊ မြောက်ဦးတို့ဘက်ကလည်း အဲ့ဒီနေရာကို စစ်ကူတွေလာရောက်နိုင်တာကြောင့် အင်အားဖြည့်တင်မှုတွေတော့ ရှိနေနိုင်တယ်လို့ ပြောဆိုကြပါတယ်။

ကျေးရွာအနီးဝန်းကျင်မှာတော့ စစ်ကောင်စီဘက်က လှုပ်ရှားမှုတွေကိုမတွေ့ရပေမယ့် အေအေဘက်က နယ်မြေစိုးမိုးရေးဆောင်ရွက်နေတာတွေကို တွေ့နေရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

"လောလောဆယ်မှာတော့ ဒေသတည်ငြိမ်နေတယ်လို့ ပြောရမှာပဲ၊ နောက်ထပ်ပြီး အဲ့ဒီနေရာကို မြန်မာ့တပ်မတော်ဘက်က ဆက်ရောက်လာမယ်ဆိုလို့ရှိရင်တော့ အချိန်မရွေးထဖြစ်နိုင်တဲ့အနေအထားလို့ပြောရမှာပဲ"လို့ မြေပုံမြို့ခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီနေရာဟာ ကမ်းလမ်းမနံဘေးဖြစ်သလို ရေကြောင်းဆက်သွယ်သွားလာရေးအတွက်လည်း လွယ်ကူတဲ့နေရာတစ်ခုဖြစ်ပြီး ကြပ်စင်ကျွန်းတစ်ခုလုံးကို စိုးမိုးထားနိုင်တဲ့တောင်ကုန်းဖြစ်တာကြောင့် စစ်ကောင်စီတပ်တွေ အဲ့ဒီနေရာမှာ အခိုင်အမာတပ်စွဲလာမှာကို အေအေဘက်ကလည်း လက်ခံနိုင်မှာမဟုတ်လို့လည်း ကျေးရွာသားတွေက ပြောဆိုကြပါတယ်။

အခုလို တင်းမာမှုတွေရှိနေတဲ့အတွက် ဒေသခံတွေဘက်က တိုက်ပွဲတွေဆက်ဖြစ်လာမှာကိုစိုးရိမ်နေကြသလို ကျေးရွာရေလောင်းမဏ္ဍပ်တွေမှာလည်း ဝင်ရောက်ရေကစားကြမယ့် မိန်းကလေးတွေကို မိဘတွေဘက်က တားမြစ်မှုတွေပြုလုပ်ထားတဲ့အတွက် အဲ့ဒီအနီးအနားမှာရှိတဲ့ကျေးရွာသင်္ကြန်တွေဟာ စည်ကားသင့်သလောက်မစည်ကားပဲ ခြောက်ကပ်နေတယ်လို့ ပြောဆိုကြပါတယ်။

အခုလိုအခြေအနေတွေကြောင့် လူကြီးပိုင်းတွေထဲမှာတော့ ဘုန်းကြီးကျောင်းသွား သီလယူဥပုသ်စောင့်တာမျိုးမလုပ်ဘဲ နေအိမ်မှာပဲ နေထိုင်နေကြသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။