ဆန္ဒပြခွင့် ပိတ်ပင်တဲ့ ဥပဒေ ယူကရိန်း ရုပ်သိမ်း

ဆန္ဒပြပွဲတွေအတွင်း သေဆုံးသွားသူများအတွက် ယူကရိန်း ပါလီမန်မှာ ရည်စူးငြိမ်သက်စဉ်။
ဓာတ်ပုံ ပုံစာ, ဆန္ဒပြပွဲတွေအတွင်း သေဆုံးသွားသူများအတွက် ယူကရိန်း ပါလီမန်မှာ ရည်စူးငြိမ်သက်စဉ်။
ရေးသားခဲ့သည်။

ယူကရိန်း နိုင်ငံမှာ မကြာသေးခင်ကမှ ပြဋ္ဌာန်းခဲ့တဲ့ ဆန္ဒပြခွင့် ပိတ်ပင် တားမြစ်တဲ့ ဥပဒေကို ပြန်ရုပ်သိမ်းဖို့အတွက် ပါလီမန်မှာ ထောက်ခံ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

အမတ် အားလုံးနီးပါး တညီတညီတည်း ဒီဥပဒေကို ပြန်ရုပ်သိမ်းဖို့ ထောက်ခံ မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြမှု ပိတ်ပင်တဲ့ ဥပဒေကြောင့် ဒီလ အစောပိုင်းက ယူကရိန်းမှာ အကြမ်းဖက် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အခုတော့ ဒီ ဥပဒေတွေကို ပြန်ရုပ်ပြီ ဖြစ်လို့ ဆန္ဒပြသူတွေ အများပြည်သူ အဆောက်အဦးတွေကို သိမ်းယူခဲ့မှုအပေါ် အရေးယူမှာ မဟုတ်သလို တက်ကြွ လှုပ်ရှားသူတွေ မျက်နှာဖုံး မစွပ်ရ ဆိုတာမျိုးနဲ့ ဟဲလ်မတ် မဆောင်းရ ဆိုပြီး ပိတ်ပင်ထားတာတွေကို ဖယ်ရှားပေးလိုက်ပြီ ဖြစ်ပါတယ်။

သမ္မတ ဗစ်တာ ယန်နုကိုဗစ်ချ် ဟာ ဆန္ဒပြ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးအပြီး အခုလို ဆန္ဒပြခွင့် ပိတ်ပင်တဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့ သဘောတူ ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်း ဝန်ကြီးချုပ် မိုင်ကိုလာ အဇရို့ဖ် ကတော့ သူအနေနဲ့ ရာထူးက နှုတ်ထွက်ချင်တယ်လို့ ပြောပါတယ်။

ဆန္ဒပြသူတွေဟာ သမ္မတ ရာထူးက နုတ်ထွက်ပြီး ရွေးကောက်ပွဲ အသစ် ကျင်းပပေးရေးကို တောင်းဆိုနေကြဆဲ ဖြစ်ပါတယ်။