ဘယ်လ်ဂျီယမ်မှာ ညင်သာစွာ အသက်ထွက်ခွင့်ပြု

ဓာတ်ပုံ ရင်းမြစ်, Thinkstock
ဘယ်လ်ဂျီယမ် နိုင်ငံမှာ ရောဂါကျွမ်းနေတဲ့ ကလေးတွေကို ဘယ်အရွယ်မဆို သေချိန် မတိုင်ခင်မှာ ညင်ညင်သာသာနဲ့ အသက် ထွက်ခွင့် ပြုမယ့် ဥပဒေတရပ်ကို ပါလီမန်မှာ မဲခွဲ အတည်ပြုလိုက်ကြပါတယ်။
၂၀၀၂ခုနှစ်ကစလို့ အရွယ်ရောက်သူတွေကို စာနာစိတ်နဲ့ အသက်ထွက်သွားစေခွင့် ပြုထားတဲ့ ဥပဒေကို ထပ်တိုးချဲ့ ပြဌာန်းရေးနဲ့ ပတ်သက်လို့ ရိုမန် ကက်သလစ် ခရစ်ယာန် အသင်းတော်ရဲ့ ကန့်ကွက်မှုတွေ ရှိနေတဲ့ ကြားက ပါလီမန်မှာ တခဲနက် ထောက်ခံမဲ ပေးခဲ့ကြပါတယ်။
ညင်ညင်သာသာနဲ့ အသက်ထွက်သွားအောင် လုပ်မယ့် ကလေးဟာ ဆေးဆက်ကုလို့ မရတော့ပဲ ဝေဒနာ မပြတ်ခံစားနေရသူ ဖြစ်ရမယ်။ နိုးနိုးကြားကြား အသိစိတ် ရှိနေပြီး ဆုံးဖြတ်ပိုင်ခွင့် ရှိရမယ်လို့ အဲဒီ ဥပဒေထဲမှာ ဖေါ်ပြထားပါတယ်။
လူထု စစ်တမ်း ကောက်ယူမှုတွေ အရ ဒီ ဥပဒေသစ်ကို ဘယ်လ်ဂျီယမ် နိုင်ငံသားအများစုက ထောက်ခံခဲ့ကြတယ်လို့ သိရပါတယ်။
Antwerp တက္ကသိုလ် ကျင့်ဝတ်ပိုင်းဆိုင်ရာ ဌာနရဲ့ ဥက္ကဌ ပါမောက္ခ Willem Lemmens ကတော့ ဒီဥပဒေသစ်ကြောင့် ဆရာဝန်တွေအတွက် တာဝန် ပိုကြီးလာနိုင်တယ်လို့ ပြောပါတယ်။

















