မိုင်းတွင်း ပေါက်ကွဲမှု သေဆုံးသူ ၂၃၀ ကျော်ပြီ

ဓာတ်ပုံ ရင်းမြစ်, Getty
တူရကီ နိုင်ငံ အနောက်ပိုင်း Soma မြို့အနီးက ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် မိုင်းလုပ်သား ၂၃၀ ကျော် သေဆုံးခဲ့ပြီလို့ ဝန်ကြီးချုပ် Recep Tayyip Erdogan က အတည်ပြု ပြောပါတယ်။
Soma မြို့က ကျောက်မီးသွေးတွင်းကို ရောက်ရှိစဉ်မှာ မစ္စတာ အာဒိုဝမ်က အခုလို အတည်ပြု ပြောလိုက်တာ ဖြစ်ပါတယ်။
မိုင်းတွင်းထဲမှာ ပိတ်မိ နေသူ ၂၀၀ ကျော် ရှိနေပြီး ရှာဖွေ ကယ်ဆယ်ရေးတွေ ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။
မြေအောက် ၂ ကီလိုမီတာမှာ ပေါက်ကွဲခဲ့တာ ဖြစ်လို့ သေဆုံးရသူ အများစုဟာ လေဝင်လေထွက် စနစ် ပိတ်သွားခဲ့ပြီးတဲ့နောက် ကာဘွန်မိုနောက်ဆိုက် ဓာတ်ငွေ့ အဆိပ်သင့်ရာက သေဆုံးကြရတာလို့ အရာရှိတွေက ပြောပါတယ်။
ကယ်ဆယ်ရေး သမားတွေက အလောင်းတွေကို သယ်ထုတ်လာစဉ် မိုင်းတွင်းဝမှာ စိုးရိမ် ပူပန်နေကြတဲ့ ဆွေးမျိုး မိသားစုတွေ ရာနဲ့ချီ စုဝေး စောင့်ဆိုင်းနေကြသလို ဒေသဆိုင်ရာ ဆေးရုံမှာလည်း စောင့်ဆိုင်းနေကြဆဲ ဖြစ်ပါတယ်။

















