နိုင်ဂျီးရီးယား စစ်သွေးကြွတွေ တိုက်ခိုက် ၂၆ ဦးသေ

ဓာတ်ပုံ ရင်းမြစ်, AFP
နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းက မြို့ ၂ မြို့မှာ ဘိုကိုဟာရမ် စစ်သွေးကြွတွေလို့ ယူဆရတဲ့ အကြမ်းဖက် သမားတွေက ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ အနည်းဆုံး ၂၆ ဦး သေဆုံးခဲ့ရပါတယ်။
တိုက်ခိုက်ခံရတဲ့ အလက်ဂါနိုမြို့နဲ့ ရှာဝါ မြို့တွေဟာ လွန်ခဲ့တဲ့ ၅ ပတ်ကျော်က နိုင်ဂျီးရီးယား ကျောင်းသူ ၂၀၀ ကျော်ကို ဘိုကိုဟာရမ်က ဖမ်းဆီး ထိမ်းသိမ်းခဲ့တဲ့ ချီဘွတ်ခ် မြို့နဲ့ နီးကပ်ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်းကပဲ ဒီအဖွဲ့ လက်ချက်နဲ့ ပလက်တျုး ပြည်နယ်က ဟိုးစ် မြို့တော်မှာ လူ ၁၀၀ ကျော် သေဆုံးခဲ့ပါသေးတယ်။
နိုင်ဂျီးရီးယား အစိုးရဟာ အခြေအနေကို ထိမ်းသိမ်းနိုင်စွမ်း မရှိတဲ့ လက္ခဏာတွေ တွေ့နေရပြီး အကြမ်းဖက်သမားတွေ အနေနဲ့ သူတို့ လုပ်ချင်တာကို ဘယ်နေရာမှာ ဖြစ်ဖြစ် လုပ်နိုင်တယ် ဆိုတဲ့ သတင်းစကားမျိုး အစိုးရကို ပေးချင်ပုံရတယ်လို့ နိုင်ဂျီးရီးယားက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

















