အီဂျစ်သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဖို့ရှိ

egypt_voting
ဓာတ်ပုံ ပုံစာ, ဆန္ဒမဲပေးသူ နည်းပေမယ့် ဗိုလ်ချုပ်စီစီ အနိုင်ရ
ရေးသားခဲ့သည်။

ဒီမနက် တနင်္ဂနွေနေ့ မှာ သမ္မတသစ် အဖြစ် အီဂျစ် သမ္မတ Abdel Fattah El Sisi ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကျင်းပမဲ့ နေရာ၊ အထူး တရားရုံးချုပ် မှာ၊ လုံခြုံရေး အပြည့် အဝ ချထားပါတယ်။ သူဟာ စစ်ဦးစီးချုပ်ရာထူး က နှုတ်ထွက်ပြီး၊ ရွေးကောက်ပွဲ ဝင်အရွေး ခံတာပါ။

ပြီးခဲ့တဲ့ မေလ သမ္မတ ရွေးကောက်ပွဲ မှာ၊ မဲပေးသူ ၅၀ ရာခိုင်နှုန်း ထက် လျော့နည်းပေမဲ့၊ ဗိုလ်ချုပ်ကြီးဟောင်း စီစီ ဟာ၊ ၉၇ ရာခိုင်နှုန်း နဲ့ မဲ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူတွေ ဒီမိုကရေစီ နည်းအရ ရွေးကောက် တင်မြှောက် ခဲ့တဲ့ သမ္မတ ဟောင်း မော်စီ ကို၊ ပြီးခဲ့တဲ့ နှစ် က ဖြုတ်ချပြီး တက်လာခဲ့လို့၊ သူ့ ကို ဆန့်ကျင်သူတွေ ကတော့၊ အီဂျစ်နိုင်ငံ ဟာ အာဏာရှင် အောက်၊ ပြန်ရောက်တယ် လို့ ခံစားနေကြရပါတယ်။

စစ်အာဏာပိုင်တွေ က သမ္မတ မော်စီ ကို ဖြုတ်ချ၊ ထောင်ချ ထားတဲ့ အပြင်၊ သူ့ အဖွဲ့ဝင် မွတ်ဆလင် ညီနောင်များ ပါတီဝင် ၁၆၀၀၀ ကျော် ကို ထောင်ချထားပြီး၊ ၁၀ ယောက် ကို သေဒဏ် ပေးထားပါပြီ။ ၃၈ ယောက် ကို တော့ ရှေ့လ မှာ စီရင်ချက်ချမှာပါ။

သူတို့ အထဲက ထိတ်တန်း အဖွဲ့ဝင် တဦး ဖြစ်တဲ့ မိုဟာမက် အယ်လ် ဘီတာဂီ က သူ့ကို ရုံးထုတ်စဉ် မှာ၊ အချုပ်ခန်း ထဲကနေ တရားရေး အဖွဲ့ ကို ပြစ်တင် ဝေဖန် ရာ မှာ၊ အီဂျစ် တရားရေး စနစ် ဟာ လူတွေ ကို ကျွန်ပြုနေတဲ့ အကြောင်း၊ တရားရေး အဖွဲ့ဝင်တွေ ဟာ၊ စစ်ကျွန်ခေတ် ပြန်ရောက် စေသလို၊ အဂတိလိုက်စားမှု၊ ပြည်သူ ကို ဖိနှိပ်၊ ထောင်ချ၊ သတ်ဖြတ် နဲ့ မတရား သဖြင့် အမှုဆင် တဲ့ အကြောင်း တွေ ပြောလိုက်တာပါ။

ဒါကြောင့်မို သမ္မတသစ် စီစီ အနေနဲ့ လည်း၊ နိုင်ငံတွင်း သဘောထား နှစ်ခြမ်းကွဲအောင်၊ ပြုလုပ် ထားပြီမို့၊ လာမဲ့ ၁နှစ်၊ ၂ နှစ် အတွင်း မှာ နိုင်ငံ ရဲ့ လုံခြုံရေး နဲ့ စီးပွားရေး ကို တာဝန် မယူနိုင်ရင်၊ ပြီးခဲ့တဲ့ အီဂျစ် ခေါင်းဆောင် တွေ လိုပဲ၊ လူထု အုံကြွ ဆန္ဒ ပြမှု နဲ့ ရင်ဆိုင်ရဘွယ် ရှိကြောင်း ကိုင်ရိုမှ ဘီဘီစီ သတင်းထောက် က သုံးသပ် တင်ပြလိုက် ပါတယ်။